လှိုင်းဘွဲ ၉ မတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာအနီးရှိ စပါးစိုက်တောင်သူများ နွေစပါးနှင့် ဆောင်းသီနှံ ပဲအမျိုးမျိုး စိုက်ပျိုးနိုင်ရန်အတွက် ရေဘုတ်ဆည် ရေလှောင်တမံမှတစ်ဆင့် မူလချောင်းမြောင်းတစ်လျှောက် ရေများအချိန်မီပေးဝေလျက်ရှိကြောင်း လှိုင်းဘွဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းထားသည့် ရေဘုတ် ဆည်ရေလှောင်တမံမှတစ်ဆင့် မူလချောင်းမြောင်းတစ်လျှောက် ရေပေးဝေနိုင်ခဲ့မှုကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် နွေစပါး (၂၉၄) ဧက ရေပေးဝေစိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်သည်။
လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာသည် ရေရရှိရန်ခက်ခဲသော ဒေသတစ်ခုဖြစ်သောကြောင့် မိုးစပါး အောင်ရေနှင့် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ဒေသအတွင်းလိုအပ်သော ဖြည့်တင်းရေချိုများကို ရေထိန်းတံခါးများမှ ရေပေးသွင်းခြင်းတို့ကို စနစ်တကျစီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်ရေ အတွက် ပူပန်မှုမရှိစေရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများဆောင်ရွက် ပေးလျှက်ရှိရာ ကရင်ပြည်နယ်တွင် ၂၀၁၈-၂၀၁၉ခုနှစ် နွေစပါးကွင်းပိတ်စိုက်ပျိုးမှု (၁၁၄၀၅၄)ဧကအား အောင်မြင်စွာ စိုက်ပျိုးပြီးစီးကြောင်းကို ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)


