ဖေဖော်ဝါရီ ၁၉
ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနောင်ပင်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ကမ္ဘောဒီးယားအမျိုးသားလေကြောင်းလိုင်းသစ် ပျံသန်းမှုစတင်ကြောင်း ယမန်နေ့ကလေကြောင်းလိုင်း၏သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဖနောင်ပင်နှင့် ဘန်ကောက်မြို့အကြား ခရီးသည် ၃၀၀ ကျော် လိုက်ပါနိုင်သည့် ကမ္ဘောဒီးယားလေကြောင်းလိုင်း ပထမဆုံးလေကြောင်းခရီးစဉ်သစ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
ပထမဆုံးခရီးစဉ်တွင် ခရီးသည်များအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အမှတ်တရဓါတ်ပုံများနှင့်အတူ နွေးထွေစွာကြိုဆိုခဲ့သည်ဟု ဖော်ပြထားသည်။
ထိုလေကြောင်းလိုင်းသည် အေ ၃၂၀ သို့မဟုတ် အေ ၃၂၁ လေယာဉ်ဖြင့် ယင်းနေရာနှစ်ခုကြား နေ့စဉ်ပျံသန်းမှုပြုလုပ်သွားမည်ဟု သိရသည်။
ကမ္ဘောဒီးယားလေကြောင်းလိုင်းဒုတိယဉက္ကဌနှင့် အမှုဆောင်အရာရှိချုပ်က ကမ္ဘောဒီးယားလေကြောင်းလိုင်းသည် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းအဆင့်သတ်မှတ်သည့်အေဂျင်စီ Skytrax ၏ ကြယ်သုံးပွင့်အဆင့် သတ်မှတ်ချက်ကို ရရှိခဲ့သည်ဟု ပြောကြားသည်။
ကမ္ဘောဒီးယားလေကြောင်းလိုင်းသည် ကမ္ဘောဒီးယား၊ တရုတ်၊ အာဆီယံ ( အရှေ့တောင်အာရှနိုင်ငံများအသင်း )နှင့် အခြားနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွင် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်သည်ဟု ၎င်းကပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို