နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၇) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်တွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ရေးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မိတ်ဖက်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိ သူများ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့်လည်း နာဂစ်မုန်တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်း၊ မိုခါနှင့် တိုင်ဖွန်းမုန်တိုင်း ရာဂီကဲ့သို့ သဘာဝဘေးအန္တရာယ်သာမက ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါကျရောက်ချိန်များမှာပါ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် လုပ်ဆောင်ပေးခဲ့ကြခြင်းကို မီဒီယာများတွင် တွေ့မြင်ရပါကြောင်း၊ ထိုကဲ့သို့ အစီအစဉ်ကောင်းများကို ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် မူးယစ်ဆေး၏ ဆိုးကျိုးများကို အများသိအောင် အသိပညာပေးရာတွင် ကြက်ခြေနီအနေဖြင့် ပါဝင်ပေးကြရန် အခွင့်ကြုံတုန်းတိုက်တွန်း မှာကြားလိုပါကြောင်း။
ယနေ့ အစည်းအဝေးတွင် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် ထိရောက်မှုပိုရှိ မည့် အကြံဉာဏ်များကို ထည့်သွင်းစဉ်းစားပေးကြရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် မျိုးဆက်သစ်ကြက်ခြေ နီလူငယ်များ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်အောင် မည်သို့လေ့ကျင့်ပေးသင့်သည်ဆိုသော အစီအစဉ်များကို ထည့်သွင်းစဉ်းစား ပေးကြရန် လေးလေးနက်နက်မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အသင်း၏လူမှုကရုဏာ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး (၈၇)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီလှုပ်ရှားမှုမှတ်တမ်း ဗီဒီယိုကို ပြသသည်။
(၈၇)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီ (၁၉)ရက်မှ (၂၀)ရက်အထိ (၂)ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)