နေပြည်တော် ဖေဖော်ဝါရီ ၂၀
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့က မန္တလေးမြို့ရှိ ကြင်းတောယန်တရုတ်ဘုံကျောင်း၌ တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်း ဖွင့်ပွဲသို့ တက်ရောက်သည်။
ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမန္တလေးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကြင်းတောယန် တရုတ်ဘုံကျောင်းမှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Yunnan Economics Trade and Foreign Affairs College မှ သင်တန်းနည်းပြဆရာများ၊ မန္တလေးမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးက တရုတ်အစားအစာချက်ပြုတ်နည်း သင်တန်း ဖွင့်လှစ်ပို့ချမည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းသားသင်တန်းသူများအား တရုတ်အစားအစာ ချက်ပြုတ်နည်း သင်ကြားပို့ချနေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် မန္တလေးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များအား Y Mandalay Hotel ၌ တွေ့ဆုံခဲ့ပြီး ခရီးသွားလုပ်ငန်းသည် ကဏ္ဍစုံ၊ နယ်ပယ်စုံနှင့် ဆက်စပ်နေပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြရသည့် လုပ်ငန်းတစ်ခု ဖြစ်သောကြောင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် အစိုးရ၊ လုပ်ငန်းရှင်နှင့် ပြည်သူများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားရာ တက် ရောက်လာကြသူများက သက်ဆိုင်ရာအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့သည်။
သတင်းစဉ်