မန္တလေး ဖေဖော်ဝါရီ  ၂၀

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်တို့  ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်များတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်ရှိ မန္တလေးဗဟို အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကော်မရှင်ဉက္ကဋ္ဌနှင့်အဖွဲ့သည် အကျဉ်းသား/ အကျဉ်းသူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ သက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးသည့် အလုပ်ရုံများ၊ ထောင်ဝင်စာတွေ့ဆုံသည့် နေရာ၊ ထောင်တွင်းစာသင်ကျောင်း၊ အချုပ်ဆောင်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်များ၊ မိလ္လာများနှင့် သုံးရေကန်များ စသည်တို့ကို ကြည့်ရှုစစ်ဆေးသည်။ 

စစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/သူ၊ အချုပ်သား/သူ စုစုပေါင်း (၈၆) ဦးကို တွေ့ဆုံကာ အကျဉ်းသူများ၏ တင်ပြချက်များကို မေးမြန်းမှတ်တမ်းတင်ပြီးနောက် အကျဉ်းသား၊ သူ၊ အချုပ်သား၊ သူ တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ကျွေးမွေးမှုအခြေအနေ၊ အကျဉ်းထောင်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသည့် အကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ အကျဉ်းသား၏ ရောဂါအခြေအနေအပေါ်မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ ကုသပေးမှု အခြေအနေ၊ သန့်ရှင်းသောသောက်ရေ ပေးဝေမှုနှင့် ချိုးရေ သုံးရေ လုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှု အခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပေးမှု အခြေအနေ၊ ယုံကြည်ရာ ကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုး ကွယ်ခွင့်အခြေအနေ၊ အတန်းပညာနှင့် အသက်မွေးဝမ်း ကျောင်းပညာသင်ကြားပေးနေမှု အခြေအနေ၊ အကျဉ်းသား၊သူများအား အကျဉ်းထောင်ဝန်ထမ်းများက လည်းကောင်း၊ အကျဉ်းသား အချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့ကြသည်။ 

စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်