လာပက်ဒ် ဖေဖော်ဝါရီ ၂၀
ဘိုလီးဘီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် သေဆုံးသူ ၃၀ အထိ တိုးလာကြောင်း၊ ပျောက်ဆုံးနေသူ ငါးဦးရှိပြီး မိသားစု ၁၂၆၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း အရပ်ဘက်ကာကွယ်ရေး ဒုတိယဝန်ကြီး ဟွမ်ကားလို့စ် ကယ်ဗီမွန်တပ်စ်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ် တစ်ခုတည်းတွင် ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုမှုများကြောင့် မိသားစု ၁၀၀၀၀ ကျော် ထိခိုက်ခံစားရပြီး နောက်ထပ်နှစ်ဦး သေဆုံးသဖြင့် သေဆုံးသူ စုစုပေါင်း ၂၈ ဦးမှ ၃၀ အထိ တိုးလာကြောင်း သိရသည်။
ရေဘေးသင့်သည့် မိသားစုမှာလည်း ၁၁၆၂၀၇ စုမှ ၁၂၆၂၃၆ စု အထိ တိုးလာကြောင်း သိရသည်။
ဘိုလီးဘီးယားနိုင်ငံ၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစကာ လုံးဝပျက်စီးသွားသည့် နေအိမ် ၃၅၀ အပါအဝင် နေအိမ် ၁၀၀၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ဘိုလီးဘီးယားနိုင်ငံ၏ လက်ရှိ ရာသီဥတုအခြေအနေမှာ အလွန်ပြင်းထန်ကြောင်း အမျိုးသား မိုးလေဝသနှင့် ဇလဗေဒဌာနက ပြောကြားသည်။
ဆင်ဟွာ