ဖလော်ရီဒါ  ဖေဖော်ဝါရီ  ၂၁

အသေးစိတ်တွက်ချက်မှုများအရ  ၂၀၃၂    ခုနှစ်တွင်  ဂြိုဟ်သိမ် ဂြိုဟ်မွှားတစ်ခု ကမ္ဘာမြေပေါ်သို့ ကျရောက်နိုင်ခြေရှိသည့်အလားအလာမှာ ၀ ဒသမ ၂၈  ရာခိုင်နှုန်းအထိ  လျော့ကျသွားသည်ဟု အမေရိကန် အာကာသအေဂျင်စီ နာဆာက ပြောသည်။

၂၀၂၄ ဝိုင်အာ ၄ ဟု အမည်ပေးထားသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားကို   ဒီဇင်ဘာလအတွင်းက  ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။  ၎င်း၏ အရွယ်အစားမှာ   ၄၀   မီတာမှ  ၉၀ မီတာအထိရှိပြီး  ၂၀၃၂  ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင်  ကမ္ဘာနှင့်အနီးဆုံးပတ်လမ်းထဲတွင်  ရွေ့လျားမည်ဟု ခန့်မှန်းထားသည်။

အချက်အလက်အသစ်များအပေါ် အခြေခံ၍ အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ သက်ရောက်မှု အခြေအနေကို ဖေဖော်ဝါရီ ၂၀ ရက်တွင်  နာဆာက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဂြိုဟ်သိမ်ဂြိုဟ်မွှားမှာ  ကမ္ဘာပေါ်သို့ကျရောက်နိုင်ခြေ ၃ ဒသမ  ၁   ရာခိုင်နှုန်းရှိသည်ဟု  ယခင်က  ခန့်မှန်းထားခဲ့သည်။ ကမ္ဘာပေါ်သက်ရောက်မှုရှိသည့် အမျိုးအစားအဆင့်  သုညမှ  ၁၀ အထိ အဆင့်ခွဲထားရာ ယခုဂြိုဟ်သိမ်ဂြိုဟ်မွှား၏အဆင့်မှာ အဆင့် ၁ ဟု နာဆာက ပြောသည်။

ယခုတွက်ချက်မှုများအရ အဆိုပါအဆင့်သည် ကမ္ဘာပေါ်သို့ သက်ရောက်နိုင်ခြေ    အလွန်နည်းပါး သည်ဟု   သိရသည်။   နိုင်ငံရပ်ခြားမှ သုတေသနအဖွဲ့များနှင့်ပူးပေါင်းကာ  စူးစမ်းလေ့လာမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု နာဆာက ပြောသည်။

အင်န်အိတ်ချ်ကေ