ဖေဖော်ဝါရီ ၂၄
အင်ဒိုနိးရှားနိုင်ငံ ရီယူပြည်နယ်ရှိ မြစ်တစ်စင်းအတွင်းသို့ ကလေးငယ်များအပါအဝင် လူ ၃၂ ဦး တင်ဆောင်လာသောထရပ်ကားတစ်စီး ထိုးကျမှုဖြစ်ပွားခဲ့ရာ ခြောက်ဦးသေဆုံးပြီး ကိုးဦးပျောက်ဆုံးလျက်ရှိကြောင်း ထိပ်တန်းကယ်ဆယ်ရေးသမားတစ်ဦးက ယမန်နေ့ကပြောကြားသည်။
အဆိုပါမတော်တဆမှုသည် ပီလာလာဝန်ဒေသတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့နှောင်းပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံးအကြီးအကဲ ဘူဒီကာရာဒီကဆိုသည်။
ထိုယာဉ်မတော်တဆမှုကြောင့် သေဆုံးသူခြောက်ဦးအနက်သုံးဦးကို ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီး အခြားသူများကို ဖေဖော်ဝါရီ ၂၂ ရက်ကတွေ့ရှိခဲ့ကြောင်း ၎င်းကပြောကြားသည်။
ယာဉ်ပေါ်ပါ ၃၂ ဦးအနက် ၁၇ ဦး အသက်ရှင်ကျန်ရစ်ပြီး ကိုးဦးပျောက်ဆုံးလျက်ရှိကာ သေဆုံးသူခြောက်ဦးရှိကြောင်းနှင့် အသက်ရှင်ကျန်ရစ်သူအားလုံးကို ဆေးကုသမှုခံယူရန် ကျန်းမာရေးဆေးခန်းသို့ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားသည့်အကြောင်းရင်းသည် ယာဉ်မောင်း အိပ်ငိုက်ရင်းမောင်းနှင်ခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြောင်းဖော်ပြထားသည်။ ထရပ်ကားကိုမြစ်အတွင်းမှယမန်နေ့ကဆယ်ယူရရှိခဲ့သော်လည်း ၎င်းယာဉ်အတွင်း မည်သည့်အလောင်းမျှတွေ့ရှိခြင်း မရှိကြောင်း ၎င်းကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို