ညောင်ဦး ဖေဖော်ဝါရီ ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံသည် ယမန်နေ့ နံနက်ပိုင်းက ရွှေစည်းခုံစေတီတော်ဂေါပကရုံး၌ ကျင်းပသည့် ရွှေစည်းခုံစေတီတော်ပြုပြင်ထိန်းသိမ်းရေး ဘက်စုံ လွှမ်းခြုံသောအစီအစဉ်(Master Plan( ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ 
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက လုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းကြရန်မှာကြားပြီး ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် (Master Plan) ရေးဆွဲရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေစည်းခုံစေတီတော်ရင်ပြင်တော်ပေါ်ရှိ သာသနိကအဆောက်အဦများနှင့် အရှေ့ဘက်စောင်းတန်းတစ်လျှောက်ရှိ ဈေးဆိုင်တန်းများ နေရာချထားမည့် လျာထားနေရာများနှင့် ယာဉ်ရပ်နားရန် သတ်မှတ်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး မဲခေါင် - လန်ချန်း ယဉ်ကျေးမှုအစီအစဉ် ၂၀၂၄ ဖြင့် ရောက်ရှိနေသော မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ပန်းချီပညာရှင်များ Outdoor Painting ရေးဆွဲနေသည့် ဘုရားသုံးဆူဘုရားသို့ သွားရောက်၍ ပန်းချီကားများ ဖန်တီးရေးဆွဲနေမှုကို ကြည့်ရှုအားပေးသည်။ 
အဆိုပါ Outdoor Painting ရေးဆွဲခြင်းကို မဲခေါင် - လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင် ၁၂ ဦး၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံးမှ ပန်းချီပညာရှင်များ၊ ပုဂံမြို့ခံ ပန်းချီပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဆရာ၊ဆရာမများနှင့် ကျောင်းသားများက စုပေါင်းရေးဆွဲကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်