ရန်ကုန် ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဥပဒေအသိပညာ ပြန့်ပွားရေး အစီအစဉ်အရ “ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ Hybrid System ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးခွဲများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဟောပြောဆွေးနွေးပွဲတွင် ကော်မရှင် ဥက္ကဋ္ဌ က လူမှုလောက တည်ငြိမ်၊ လုံခြုံရေးအတွက် ဥပဒေများကို သတ်မှတ်ထားရှိခဲ့ကြပါကြောင်း၊ မျက်မှောက်ခေတ် နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးပါကြောင်း၊ ထို့အတွက် ဥပဒေ အသိပညာ တိုးပွားသိရှိစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ နေ့စဉ်ဘဝ ဖြတ်သန်းရာ၌ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံအကျိုးပြုနိုင်ရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် လူမှုအဖွဲ့အစည်း ဖြစ်စေရေးတို့ကို ပံ့ပိုးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် က စစ်မှန်သော စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများကို လူတိုင်းသိရှိရန် လိုအပ်ပါကြောင်း၊ ဥပဒေ အသိပညာ သိရှိမှသာ လူမှုဘဝကို အကျိုးရှိစွာ အသုံးချနိုင်မည် ဖြစ်ပါကြောင်း၊ ပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက ရာဇသတ်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေတို့နှင့် စပ်လျဉ်း၍ လက်တွေ့ဂရုပြု လိုက်နာသင့်သည်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်