နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာဆွေးနွေး ဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည်။

 

ဦးစွာ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာ‌ဆွေးနွေးဟောပြောခြင်း အခမ်းအနားကို နေပြည်‌တော် တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟက မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး ဦးဝင်းကျော်က မီးဘေးလုံခြုံရေးဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

 

ဆက်လက်၍ မီးငြိမ်းသတ်မှုသရုပ်ပြလေ့ကျင့်ခြင်းကို ဝန်ကြီးဌာနအနီးရှိ လျှိုပိတ်ဆည်တွင် ကျင်းပပြုလုပ်ရာ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ငြိမ်းသတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်ကြသည်။

 

အဆိုပါ သရုပ်ပြလေ့ကျင့်ဆောင်ရွက်နေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ကြည့်ရှုအားပေးခဲ့ကြသည်။

 

အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံးနှင့် ကျောင်းများ၌ ၂၀၂၅ ခုနှစ်အတွင်း ယနေ့အချိန်ထိ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာဆွေးနွေး ဟောပြောခြင်းနှင့် သရုပ်ပြ လေ့ကျင့်ခြင်းအခမ်းအနားများကို အရာထမ်း၊ အမှုထမ်းဦးရေ (၂၅၀၀) တက်ရောက်၍ ၂၇ ကြိမ်ဆောင်ရွက်ခဲ့ပြီး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို လစဉ် ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်