နေပြည်တော် ဖေဖော်ဝါရီ ၂၄
မြန်မာလုပ်သားများ ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးနိုင်ရေး၊ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ARA Academy ရုရှားဘာသာစကား ကျွမ်းကျင်မှုသင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်မြင့်မားခြင်း၊ ကျင့်ဝတ်သိက္ခာမရှိသည့် လုပ်ငန်းရှင်များထံတွင် အလုပ်လုပ်ကိုင်ရပါက လုပ်ငန်းခွင် ပြဿနာအမျိုးမျိုးကြုံတွေ့ရခြင်း၊ နေထိုင်မှု ဘဝမလုံခြုံခြင်း၊ အဓမ္မ အလုပ်လုပ်ကိုင်ခိုင်းစေမှုများ ကြုံတွေ့ရခြင်း၊ အလုပ်ရှင် အလုပ်သမား ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ ကြုံတွေ့ရခြင်း၊ ကျွမ်းကျင်မှု အရည်အချင်းအလိုက် ရရှိရမည့် လုပ်ခလစာကို အသိအမှတ်ပြု မရရှိခြင်း၊ ဥပဒေအရ သတ်မှတ်ရက်အလိုက် ရရှိမည့် လုပ်ခလစာမရရှိခြင်းနှင့် လုပ်အားခ ပြည့်ဝစွာမရရှိခြင်း၊ အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် သက်တမ်းတိုးဆောင်ရွက်ရာတွင် အခက်အခဲများ ရှိခြင်းတို့ကို ကြုံတွေ့နေရကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ပြည်ပနိုင်ငံများသို့ စေလွှတ်မည့် မြန်မာလုပ်သားများအား သက်ဆိုင်ရာနိုင်ငံများမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရေး၊ စေလွှတ်မည့်နိုင်ငံ၌ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ သတ်မှတ်အလုပ်ချိန်နှင့် ကျွမ်းကျင်မှုအလိုက် လုပ်ခလစာများ ရရှိရေးအတွက် အလုပ်ရှင် အလုပ်သမား သဘောတူညီချက်စာချုပ် ခိုင်မာစွာ ချုပ်ဆိုနိုင်ရေး၊ ပြည်ပနိုင်ငံများမှ မိသားစု လွှဲပို့ငွေများ စနစ်တကျ လွှဲပို့နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများအနေဖြင့် ပြည်ပနိုင်ငံများသို့ လုပ်သားများ စေလွှတ်ရာတွင် မိမိ၏ သားသမီးများသဖွယ် သဘောထား၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို မျှော်တွေးစဉ်းစား၍ ဂုဏ်သိက္ခာရှိသော ကုမ္ပဏီများအဖြစ် ရပ်တည်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်