နေပြည်တော် ဖေဖော်ဝါရီ ၂၄

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံး၌ တိုင်းဒေသကြီးအတွင်းမှ ဌာနဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍကြီးများတွင် ခရီးသွားလုပ်ငန်းသည် ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည့်အတွက် ဝန်ထမ်းများက အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးကို အားပေးမြှင့်တင်ပြီး ပြည်သူ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည်ရောက်ရှိမှု၊ လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးထားမှု၊ သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

ယင်းနောက် ရန်ကုန်မြို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန (CTD) ရှိ သင်တန်းခန်းမများ၊ သင်ထောက်ကူပစ္စည်းများ ထားရှိမှု၊ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှုနှင့် မကြာမီဖွင့်လှစ်မည့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်လျားလိတ်ဟိုတယ်၌ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းတိုးတက်ရေး ဆောင်ရွက်ရာတွင် မူဝါဒများကို ချမှတ်ပေးပြီး ပုဂ္ဂလိက ကဏ္ဍကသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ အောင်မြင်တိုးတက်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းသာမက ပြည်ပခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက်ကိုပါ အလေးထားသည့်အတွက် အသင်းအဖွဲ့များနှင့် လုပ်ငန်းလုပ်ကိုင်သူများက ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာရေးကို အလေးထားဆောင်ရွက်သွား ကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။

 

ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင်အသင်းများမှ ဥက္ကဌများ၊ တာဝန်ရှိသူများက အသင်းလိုက် ကော်မတီများဖွဲ့စည်းထားရှိမှု၊ ခရီးသွားဈေးကွက် ရရှိရေးအတွက် မြှင့်တင်ဆောင်ရွက်နေမှု၊ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်