ပေကျင်း ဖေဖော်ဝါရီ ၂၄

 

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ယနေ့တွင် ရုရှား-ယူကရိန်း အရေးအပါအဝင် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို ဖုန်းဖြင့်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အခက်အခဲများကို ကြံ့ကြံ့ခံကာ အချင်းချင်းဖေးမကူညီသော စစ်မှန်သည့် မိတ်ဆွေများဖြစ်သည်ဟု သမ္မတရှီကျင့်ဖျင်က ပြောကြားသည်။

 

တရုတ်-ရုရှား ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် နိုင်ငံခြားရေးမူဝါဒများသည် ရေရှည်ဆက်ဆံ ရေးအတွက် မျှော်မှန်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှီကပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ချက်မှန်သမျှကို ကြိုဆိုပြီး ယင်းကိစ္စရပ်များတွင် အမေရိကန် သမ္မတထရမ့်၏ ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးကိစ္စလည်း ပါဝင်ကြောင်း တရုတ်နိုင်ငံက ပြောကြားသည်။

 

ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား မကြာမီကကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတရှီ ကျင့်ဖျင်တို့ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲအတွင်း တရုတ်-ရုရှား နှစ်နိုင်ငံအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။

 

ယခုသီတင်းပတ်အတွင်း ရုရှား-ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ထရမ့်က ကြိုးပမ်းဆောင်ရွက်နေကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေး တာဝန်ရှိသူကယ်ရို လင်းလီဗတ်က ပြောကြားသည်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလတ်ဗရော့ဒ်သည် ယခုလအစောပိုင်းက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုနှင့် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဒ်တို့အား ဆော်ဒီအာရေဗျနိုင်ငံ၌ တွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

 

ကိုးကား - ဆောက်ချိုင်းနားမောနင်းပို့စ်

ဘာသာပြန် - စိုးသူရ