နေပြည်တော် ဖေဖော်ဝါရီ ၂၅
ကျောက်ပန်းတောင်းမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီခွဲတွင် ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မျိုးမင်းဦးအား သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ ပြား(တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၅၉၄ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် ကျောက်ပန်းတောင်းမြို့၊ သာယာ အေးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အေးလွင်အား ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
အလားတူ ပူးပေါင်းအဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက် မြို့ပတ်လမ်းတွင် မုန်းမုန်း(ခ)ဇော်ဦး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄ ကီလို (တစ်ကီလိုလျှင် ၁,၁၀၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂,၆၄၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)