နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်းတွင် ကျင်းပသည်။
ဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဒိုင်လူကြီးများ၊ ပညာရေးဒီဂရီကောလိပ်များမှ အားကစားနည်းပြ ဆရာသင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နှစ်စဉ်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အားကစားနည်း (၆)မျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းအတွက် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်ခြင်းမှသည် အနိုင်ရဗိုလ်စွဲရန် လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် စံချိန်သစ်များတင်နိုင်သည်အထိ ကြိုးစားလေ့ကျင့်ပေး ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဒီဂရီကော လိပ်ဆရာဆရာမများက အားကစားနည်းစနစ်မှန်ကန်စွာဖြင့် လေ့ကျင့်သင်ကြားပေးနိုင်မှသာ အခြေခံပညာတွင် အားကစားထူးချွန်သည့် ဆရာဆရာမများ ပေါ်ထွန်း လာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှတဆင့် ကိုယ်ကာယကြံ့ခိုင်ပြီး အားကစားထူးချွန်သည့် နိုင်ငံ့သားကောင်း မျိုးဆက်သစ်များကို ပြုစုပျိုးထောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၅)ကို ဖေဖော်ဝါရီ ၂၀ ရက် မှ မတ် ၉ ရက်အထိ လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်းတွင် ဒုတိယအကြိမ် မွမ်းမံ သင်တန်းဖွင့် လှစ်လေ့ကျင့်ပေးလျက်ရှိပြီး ပညာရေးဒီဂရီကောလိပ်များမှ အားကစားနည်းပြဆရာ သင်တန်းသား၊ သင်တန်းသူ ၇၅ ဦးတက်ရောက်လျက်ရှိကြပြီး မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများက အားကစားအခြေခံ နည်းစနစ်များ၊ စည်းမျဉ်း စည်းကမ်းဥပဒေများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)