နေပြည်တော် ဖေဖော်ဝါရီ ၂၅
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရလူမှုရေးဝန်ကြီး ဦးစောကြည်နိုင်နှင့်အတူ မော်လမြိုင်တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ ဆွေးနွေးမှာကြားသည်။
ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများဖြစ်ကြ၍ အခြေခံပညာအဆင့် တွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုသည့် လေ့ကျင့်သင်ကြားမှုများဖြင့် ထိုက်သင့်သည့် အတတ်ပညာ၊ အသိပညာ ပြည့်ဝခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ ဘွဲ့ရပညာတတ်များအဖြစ် လောကအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်ကြတော့မည့် နိုင်ငံ့အင်အားများဖြစ်ကြောင်း၊ ပညာကို စွဲစွဲမြဲမြဲသင်ယူခဲ့ကြ၍ ယခုအဆင့်အထိ ရောက်လာခြင်းမှာ အားရစရာ ဖြစ်ကြောင်း၊ ပညာသည် တစ်ဦးချင်းအတွက်သာမက နိုင်ငံအတွက်ပါ အဓိကကျသဖြင့် ဆုံးခန်းတိုင် တတ်နိုင်သလောက် သင်ယူကြစေလိုကြောင်း၊ ဘဝတွင် စာတတ်လေ၊ ပညာတတ်လေ၊ အကျိုးရှိလေဖြစ်ကြောင်း၊ သို့ဖြစ် ၍ ဘွဲ့ရရှိရုံသာမက ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ပါရဂူများဖြစ် သည်အထိ ဆက်လက်လေ့လာ သင်ယူ ဆည်းပူးသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ အတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ရုံသာမက အသိဉာဏ် ပညာပြည့်ဝသူများ၊ ဗလငါးတန် နှင့် ပြည့်ဝသူများဖြစ်အောင် ကြိုးစားတည်ဆောက်ကြစေလိုကြောင်း မှာကြားသည်။
အသိဉာဏ်ပညာပြည့်ဝရေး
စာပေလေ့လာ ဖတ်ရှုကြရန်လို
ဆက်လက်၍ အသိဉာဏ်ပညာပြည့်ဝရေးအတွက် စာပေလေ့လာဖတ်ရှုကြရန်လိုကြောင်း၊ လေ့လာသင်ယူမှုတွင် ပြည့်စုံပြီ၊ ပြီးမြောက်ပြီဟု မရှိနိုင်ကြောင်း၊ အသက်ရှင်နေသရွေ့ ထာဝရ လေ့လာသင်ယူနေခြင်းဖြင့် မိမိတို့ ဘဝကို မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့လူငယ်အချို့မှာ စာပေဖတ်ရှုမှုနည်းပါးသဖြင့် အတွေးအခေါ် အယူအဆလွဲမှား နေကြသည်မှာ အားလုံးအသိဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက လူငယ်များ အသိပညာ၊ အတတ်ပညာ ပြည့်ဝရေး၊ စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို တိုက်တွန်းအားပေးလျက်ရှိကြောင်း၊ စာမတတ်သူသည် ထိုင်နေသူနှင့်တူပြီး စာတတ်သော်လည်း စာမဖတ်ပါက ရပ်နေသူနှင့် တူကြောင်း၊ စာတတ်ပြီး စာပေ လေ့လာဖတ်ရှုကြမှသာ လမ်းလျှောက်နေသူနှင့် တူမည်ဖြစ်ကြောင်း ဥပမာပေး၍ လမ်းညွှန်ထားသည်နှင့်အညီ မိမိတို့ဘဝတိုးတက်မြင့်မားရေးအတွက် စာပေလေ့လာဖတ်ရှုကြရန် တိုက်တွန်းမှာကြားပါသည်။
ထို့ပြင် မူးယစ်ဆေးဝါးကင်းစင်ပြီး အရက်၊ ဆေးလိပ်၊ ကွမ်းယာ တို့ကို ရှောင်ရှားကြရန်လိုကြောင်း၊ မိမိတို့ဘဝ ပျက်စီးစေ မည့်အရာများကို အသိတရားဖြင့် ထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် မဲမသမာမှုများရှိခဲ့သဖြင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကြောင့် အခြေခံဥပဒေနှင့် အညီ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရကြောင်း၊ အရေးပေါ်ကာလသတ်မှတ်ပြီး နိုင်ငံတော်တည်ငြိမ် ရေးနှင့် ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတော်ကို ပြန်လည်လွှဲအပ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် ဆူပူအကြမ်းဖက်မှုများပပျောက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပါဝင်ဆောင်ရွက်သွား ကြစေလိုကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ် များကိုလည်း ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် နိုင်ငံသား တိုင်းတွင် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နိုင်ငံ့သားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့အကျိုး မလိုလားသူ၊ နိုင်ငံတော်ကို ပျက်စီးစေလိုသူ၊ အဖျက်အမှောင့် သမားများနှင့် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလများဖြင့် ဖျက်ဆီးလုပ်ဆောင် လျက်ရှိကြောင်း၊ သိလိုသည့် အချက်များ စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ တိုင်ကြားရန်ရှိပါက ဆက်သွယ်နိုင်ရေး သတင်းစာများတွင် ဖော်ပြပေးလျက်ရှိကြောင်း၊ အဖျက်အမှောင့် လုပ်ရပ်များကို သတိတရားဖြင့် ကာကွယ်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများ အနေဖြင့် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများကို သိရှိ နားလည်ထားရန် လိုကြောင်း၊ မဖြစ်သင့်တာ မဖြစ်အောင်၊ ဒုက္ခမရောက်အောင်၊ ဥပဒေဘောင် အတွင်း နေထိုင်ခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းနိုင်ကြောင်း အသိပညာဗဟုသုတပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြရန်နှင့် ဆရာ ဆရာမများကလည်း သားသမီးအရင်းများကဲ့သို့ ပြုစုစောင့်ရှောက် သွန်သင် ပြသပေး ကြပါရန် တိုက်တွန်းပါကြောင်းဖြင့် မှာကြားသည်။
တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှု
ထို့နောက် တက္ကသိုလ်စာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များနှင့် အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ်က ကျေးဇူးတင် စကား ပြောကြားသည်။ တွေ့ဆုံပွဲသို့ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ဆရာ ဆရာမ ၄၀၀ ခန့် တက်ရောက်ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ် စာကြည့်တိုက်ကို ကြည့်ရှုပြီး လိုအပ်သည်များ ဆွေးနွေးအကြံပြုခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မော်လမြိုင် ကိုယ်ပွားသတင်းစာတိုက်နှင့် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိ၍ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မုဒုံမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ဆောက်လုပ်ဖွင့်လှစ်ထားသည့် ဘဲရမ်း ကျေးရွာ ပညာပျိုးခင်း စာကြည့်တိုက်နှင့် နိုင်းပြိုင်ကျေးရွာ ပညာဥယျာဉ် စာကြည့်တိုက်တို့ကို ဝင်ရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စာကြည့်တိုက်မှူးများနှင့် တွေ့ဆုံ၍ စာကြည့်တိုက် ရေရှည်တည်တံ့စေရေး၊ အချိန်မှန် ဖွင့်လှစ်နိုင်ရေး၊ စာအုပ်စာစောင်များ တိုးပွားရေးတို့ကို တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ ကျိုက်မရော မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် ရုံးလုပ်ငန်း များ ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။
သတင်းစဉ်