နေပြည်တော် ဖေဖော်ဝါရီ ၂၆
ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(ဗဟို)ကြီးကြပ်ရေးအဖွဲ့ ဒသမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် ကျောင်းထိုင်ဘုန်းကြီးသင် တန်းကျောင်း(ဗဟို)ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစန္ဒဝရ အမှူးပြုသော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်များ ကြွရောက်ချီး မြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို)ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌဆရာတော်က အဖွင့်ဩဝါဒ မိန့်ကြားပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးစိုးမင်းထွန်းကကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(ဗဟို)ကြီးကြပ်ရေးအဖွဲ့ နဝမအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် သင်တန်းကျောင်း ဆိုင်ရာလုပ်ငန်းစဉ်များကို လျှောက်ထားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်များက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း စည်းမျဉ်းပြင်ဆင်ရေးနှင့် ၁၅ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်ခဲ့ပြီးသော ကျောင်းအုပ်၊ ကထိကများ အနားယူသည့်အခါ သာသနာပြုမှတ်တမ်းတင် ဂုဏ်ပြုလွှာဆက်ကပ်ရေးဆိုင်ရာများကို ဆွေးနွေးကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း လျှောက်ထား၍ ဆုံးဖြတ်ချက်များ ချမှတ်သည်။
ဆက်လက်၍ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (ဗဟို)ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တသုဘောဂက နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ပရိတ်တော်၊ ဒေသနာတော်၊ ပါဠိ-မြန်မာစာအုပ်များ ဆက်ကပ်လှူဒါန်းသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (၁၄)ကျောင်း တွင် သင်တန်းအကြိမ်ပေါင်း (၂၂၁) ကြိမ်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၄၆၁၁)ပါး အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်