နေပြည်တော် ဖေဖော်ဝါရီ ၂၇
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ပေကျင်းဟုန်ဖန်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလိမိတက်မှ Mr. Zhou Xiaofeng ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးရာတွင် ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလိမိတက်မှ မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် ခေတ်မီဆေးဘက်ဆိုင်ရာနှင့်ဆေးရုံသုံးပစ္စည်းများ၊ ရောဂါရှာဖွေရေးကိရိယာများ၊ စက်ပစ္စည်းများ၊ဓါတ်ခွဲစမ်းသပ်စစ်ဆေးသည့် ကိရိယာများအား ပြည်တွင်းတွင်ထုတ်လုပ်ဖြန့်ချိနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံများအချင်းချင်း ဆေးကုသမှုလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်ခေတ်မီဆေးဘက်ဆိုင်ရာနှင့် ဆေးရုံသုံးပစ္စည်းများအား မြန်မာနိုင်ငံတွင် မိတ်ဆက်ပြသနိုင်ရေး ကိစ္စရပ်များအစရှိသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်