နေပြည်တော် ဖေဖော်ဝါရီ ၂၈
“ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ” တတိယနေ့ အစီအစဉ်များနှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ဆက်လက် ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးပွဲ လေ့လာသူ အဖြစ် တက်ရောက်သည့် ဂျပန်နိုင်ငံမှ ကိုယ်စား လှယ်များနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့ အလုပ်ရုံဆွေးနွေး တတိယနေ့ အစီအစဉ်များအဖြစ် သင်တန်းနည်းပြများက ဦးဆောင်၍ ဆွေးနွေးပွဲ တက်ရောက်လာကြသူများသည် မီဒီယာများတွင် ဖော်ပြသည့် သတင်းများနှင့် သက်ရောက်မှုများ၊ ပြည်သူများထံဖြန့်ဝေသော သတင်းများကို ပြန်လည်ဆန်းစစ် အကဲဖြတ်ခြင်းဆိုင်ရာ အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပြီးတွင် ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးက ပါဝင်တက် ရောက်ကြသူများကို သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ပြီး မီဒီယာဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်က သုံးရက်တာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲအတွင်း ဆွေးနွေးကြသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ သုံးသပ် ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ယခုဆွေးနွေးပွဲ ကျင်းပနိုင်ရေး ရန်ပုံငွေခွင့်ပြုပေးခဲ့သော အာဆီယံ အတွင်းရေး မှူးချုပ်ရုံးနှင့် ဆွေးနွေးပို့ချပေးခဲ့သူများနှင့် တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီနှင့် ဌာနဆိုင်ရာများမှ တက်ရောက်လာသူ များအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲကျင်းပခြင်းဖြင့် အစိုးရများနှင့် ပြည်သူများအကြား ပေါင်းကူးချိတ်ဆက်ပေးသည့် မီဒီယာ ကဏ္ဍကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ အစိုးရနှင့် ပြည်သူများအကြား၊ အစိုးရနှင့်မီဒီယာများအကြား ဆက်ဆံရေးကို တိုးမြှင့်နိုင်မည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ကို မြှင့်တင်၍ ကောင်းမွန်သည့်ဆက်ဆံမှုကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မဟုတ်မမှန် ထုတ်လွှင့်ဖော်ပြနေကြ သည့် Social Media များ၊ သတင်းတု သတင်မှားများအား တုံ့ပြန်ခြင်းနှင့် အကျပ်အတည်းကာလများတွင် မီဒီယာကို အသုံးပြုပြီး ဖြေရှင်းဆောက်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှ ရရှိသော အချက်အလက် များကို မိမိတို့ဌာနများအတွင်း ဖြန့်ဝေအသိပေးပြီး ပြည်သူ့ဆက်ဆံရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် အများပြည်သူနှင့် ထိရောက်စွာဆက်သွယ်နည်း၊ အကျပ်အတည်းများကို စီမံခန့်ခွဲနည်းစနစ်များနှင့် အစိုးရဌာနများ၏ သတင်းစကားများကို ရှင်းလင်း စွာဖြင့် ထိရောက်စွာ ပေးပို့သည့် နည်းစနစ်များကို လေ့လာသိရှိပြီး အစိုးရများနှင့် ပြည်သူလူထုအကြား ချိတ်ဆက်ပေးနိုင်သည့်အပြင် ယုံကြည်မှုကိုမြှင့်တင်နိုင်ကာ ပိုမိုခိုင်မာသော လူမှုအသိုက်အဝန်းများကို တည်ဆောက်ပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် အလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံ၏စွမ်းရည်မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကတိကဝတ်ကို ဖြည့်ဆည်းပေးနိုင်ရေး အထောက်အကူပြုမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် သင်တန်းနည်းပြများသည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြပြီး ညပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)