နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မခင်ဆွေမြင့်အား စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀  (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၂၀၀ )သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဖေ‌ဖော်ဝါရီ ၂၄ ရက် ညနေ ၆နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ပေးသူ မသူဇာထွေး (ခ)သူဇာကို ကလောမြို့နယ်၊ ဟဲဟိုးကျေးရွာအုပ်စု၊ ဝါးရုံပင်ကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၈၀၀ (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၅၄ သိန်း) ၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၆နာရီ အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ သန်းဇော်ဦးကို သန်လျင်မြို့၊ မြို့ဟောင်း(အနောက်)ရပ်ကွက်တွင် လည်းကောင်း၊ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်း ၁နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ စိုင်းပညာ(ခ) စိုင်းညာ(ခ)အိုက်ညာနှင့် စိုင်းမြင့်သိန်း(ခ)အိုက်အောင်တို့ကို တောင်ကြီးမြို့၊ စပ်စံထွန်းရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ငွေကျပ် သိန်း ၂၅၀ )၊ PROBOX မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း ၊ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၇နာရီခွဲတွင်   နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်၊ နမ့်စန်-မိုးနဲသွားကားလမ်းတွင် ခွန်မောင်လံ(ခ) လုံးလံ မောင်းနှင်လာသည့် NISSAN MARCH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀  (တစ်ပြား လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၅ သိန်း)ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)