နေပြည်တော်၊ ဖေဖော်ဝါရီ (၂၈)
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောက်ရှိလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များ (Charging)ဖြည့်သွင်းနိုင်ရေး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာအနီး၌ တည်ဆောက် ပြီးစီးသည့် EV Charging Station ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်း များဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ မူဝါဒ၊ စံချိန်စံညွှန်းနှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ် ပြဋ္ဌာန်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံ အဆောက်အအုံများအကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် Agape Love Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နေပြည်တော်တွင် တည်ဆောက်ခွင့်ပြုထားသော (၉)နေရာအနက် သပြေကုန်းဈေးရှေ့နေရာ၊ စည်ပင်ဧည့်ရိပ်သာရှေ့နေရာ၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်နေရာတို့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မည့် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင် အိမ်ရာရှေ့နေရာတွင် စတုတ္ထအကြိမ်မြောက်ဖွင့်လှစ်ပေးသည့် Charging Station ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် (၂၁)ခုမြောက် ဖွင့်လှစ်သည့် Charging Station ဖြစ်သော်လည်း ရန်ကုန် လေဆိပ်နှင့် နေပြည်တော်လေဆိပ် Charging Station (၂) ခုမှာ (၁၀၀)ရာခိုင်နှုန်းပြီးစီး၍ စတင် အသုံးပြုနေပြီဖြစ်ကြောင်း၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များရှိ Charging Station များတွင် ကားလေး (၁၀)စီး တစ်ပြိုင်နက် အားသွင်းနိုင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းရှိ Charging Station များတွင် ကားလေး (၁၀)စီး နှင့် ဘတ်စ်ကား (၄)စီး တစ်ပြိုင်နက် အားသွင်းနိုင်ပြီဖြစ်ကြောင်း။
နေပြည်တော်တွင် ယခုကဲ့သို့ Charging Station များ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် နေပြည်တော်နှင့် အနီးတဝိုက်ရှိ မြို့များတွင်လည်း လျှပ်စစ်ကားများ အသုံးပြုသွားလာနိုင်ပြီ ဖြစ်ကြောင်း၊ လျှပ်စစ်သုံး ယာဉ်များ ပြေးဆွဲအသုံးပြုမှု ပိုမိုတွင်ကျယ်အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ Agape Love Co., Ltd. ၏ ဒါရိုက်တာ ဦးမျိုးအောင် က Charging Station ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများက Station ကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက Charging Station ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့် ဒုတိယမြို့တော်ဝန်တို့သည် Charging Station တည်ဆောက်ထား ရှိမှုနှင့် လျှပ်စစ်သုံးယာဉ်များ လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
(သတင်းစဉ်)