နေပြည်တော် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/၂၀၂၅)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ ရဲချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ဥက္ကဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် က အမျိုးသားအဆင့် (၅)နှစ် စီမံကိန်းများကို ၂၀၀၇ ခုနှစ်မှ စတင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စတုတ္ထ(၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၆)၏ စတုတ္ထ(၅)နှစ်ဖြစ်သည့် ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်ကိုရေးဆွဲ၍ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် လုပ်ငန်းစီမံချက်ကို မူဝါဒနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း ကဏ္ဍကြီး (၄)ရပ်တွင် လုပ်ငန်းစဉ်(၆၁)ခုနှင့် လုပ်ငန်းဆောင်ရွက်ချက်(၁၇၁)ချက်ကို ထည့်သွင်းရေးဆွဲ ထားရှိကြောင်း၊ မူဝါဒနှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းကဏ္ဍတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး နည်းဥပဒေ(မူကြမ်း) နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ(မူကြမ်း)တို့ကို အတည်ပြုနိုင်ရေးနှင့် ၁၉၉၉ ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများ၊ သဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးသည့်နိုင်ငံများ၊ လူကုန်ကူးမှုများ ဆက်စပ်ဖြစ်ပွားနေသော နိုင်ငံများနှင့်ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ မဲခေါင်မြစ်ဝှမ်းအတွင်း နိုင်ငံများအကြား လူကုန်ကူးမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် အတွက် (၅)ကြိမ်မြောက် မဲခေါင်ဒေသခွဲလုပ်ငန်းစီမံချက် (မူကြမ်း)ရေးဆွဲရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း။
ကြိုတင်ကာကွယ်ရေးလုပ်ငန်းကဏ္ဍတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆောင်ရွက်မှု များကို ပြည်သူလူထုထံ ရောက်ရှိစေရန် မီဒီယာပိုင်းကို အလေးထားဆောင်ရွက်နိုင်ခဲ့ပြီး အသိပညာပေး မှုများ၊ တားဆီးပြန်လွှတ်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများ လူကုန်ကူးမခံရစေရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့စည်း များနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် နိုင်ငံခြားသားများအား ကူညီစုံစမ်းရှာဖွေ ကယ်တင်ပေးရန် သက်ဆိုင်ရာသံရုံးများ၊ အပြည်ပြည် ဆိုင်ရာ ရဲအဖွဲ့ အင်တာပိုလ်၏ National Central Bureau (NCB) လမ်းကြောင်းများမှတစ်ဆင့် အကူအညီတောင်းခံလာမှုများကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံ များသို့ ပြန်လည်လွှဲပြောင်းပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း။
တရားစွဲဆိုရေးလုပ်ငန်းကဏ္ဍတွင် လူကုန်ကူးမှုများအား စုံစမ်းဖော်ထုတ်စစ်ဆေးမှု၊ အမှုတည်ဆောက်မှု၊ တရားစွဲဆိုမှုများနှင့် ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များချမှတ်နိုင်ရေး တရားစွဲအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ကဏ္ဍတွင် လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပြီး လူကုန်ကူးခံရသူများအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများကိုလည်း ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူများအား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးအပါအဝင် လူသားအချင်းချင်းစာနာသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ ဘဝရပ်တည်နိုင်ရေးအတွက် နောက်ဆက်တွဲ စောင့်ရှောက်မှု အနေဖြင့် ကူညီထောက်ပံ့မှုများကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့မှ ဆောင်ရွက်လျက်ရှိကြောင်း။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်းမှ ရွှေ့ပြောင်းသွားလာလုပ်ကိုင်လိုသူများကို ပြည်ပသို့ တရားမဝင် ပို့ဆောင်နိုင်ရေးအတွက် လူမှောင်ခိုကူးသူများက အုပ်စုဖွဲ့ပြစ်မှု ကျူးလွန်လာသည်ကို တွေ့ရှိရကြောင်း၊ ဂိုဏ်းဖွဲ့ကျူးလွန်သော လူမှောင်ခိုကူးသူများကို တားဆီးနှိမ်နင်းနိုင်ရန် လူမှောင်ခိုကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သော ဥပဒေ(မူကြမ်း)ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင်များက ၂ဝ၂၅ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက် ချက်များ၊ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)