နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိနယ်မြေဒေသတွင် အခက်အခဲရှိ၍ လက်ရှိ ရောက်ရှိနေထိုင်ရာဒေသရှိ စာစစ်ဌာနတွင် ဖြေဆိုလိုသူကျောင်းသားများရှိပါက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရက်မတိုင်ခင် တစ်ရက်ညနေပိုင်းအထိ စာရင်းပေးသွင်း၍ ဖြေဆိုခွင့်ပြုထားပါ ကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေစိတ်အေးချမ်းသာစွာ ဖြေဆိုခွင့်ရရှိရေးအတွက် အခြေခံပညာရုံး ရာထူးအဆင့်ဆင့်တာဝန်ရှိသူများက အစွမ်းကုန် ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ပညာရှင် ပညာတတ်များမွေးထုတ်ပေးရာ ပညာရပ် ဝန်းကျင်တွင် မိမိတို့၏ကိုယ်နှုတ်ပြုမူချက်များ ထိန်းသိမ်းကြရန်လိုပါကြောင်း၊ အမျိုးသားရေးစရိုက် လက္ခဏာများထိန်းသိမ်းရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော ပညာတတ်လူတော်များမွေးထုတ်ပေး နိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြစေလိုကြောင် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က တက္ကသိုလ်အလိုက် သုတေသနစာတမ်းခေါင်းစဉ် များကိုနှစ်အလိုက် Database များ စာရင်းသွင်းပြုစုတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က စာရင်းဇယား အချက်အလက်များ ပေးပို့ဆောင်ရွက်ရာ တွင် ခိုင်မာမှု၊တိကျမှု၊ စနစ်ကျမှုများရှိစေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က အဆင့်မြင့်ပညာရေးကဏ္ဍ ဆိုင်ရာနှင့် အခြေခံပညာရေးဆိုင်ရာ ကဏ္ဍများအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)