နေပြည်တော် မတ် ၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၅) လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၆) မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၃,၂၉၄,၀၃၆) ကိုလည်းကောင်း၊ The Myanmar Terminal (TMT) ဆိပ်ကမ်း၌ ကုန်သေတ္တာ (၁) လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၁၄၂,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၄၃၆,၀၃၆) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကယားပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်အနီး၌ လိုင်စင်မဲ့ Mazda Bongo မော်တော်ယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိ ခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ ကျိုက်ထိုမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၁၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck (၁) စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ညောင်လေး ပင် ခရိုင်၊ ဖဒိုမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Toyota Voxy မော်တော်ယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ်
၂,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်အခြားသစ် (၃ဒသမ ၃၇၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၈,၅၉၂) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၄၆၈,၅၉၂) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
မတ် ၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ ဘားအံ - ထုံးအိုင်လမ်း၊ အမှတ် (၈) ရပ်ကွက်၊ အမှတ် (၈၅) ရှိ ဂိုဒေါင် (၁) လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၁) မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅,၉၈၈,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁) စီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၀၀,၀၀၀) ကိုလည်းကောင်း၊ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ စက်မှုဇုန် ကားလမ်းအနီး၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၃၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာအမှုတွဲ (၁၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄,၁၉၂,၆၂၈) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားအထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
