နေပြည်တော် မတ် ၃

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် FM ရေဒီယိုလွှင့်စက်များ တိုးချဲ့တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ပြင်စလူစက်ရုံတွင် FM လွှင့်စက်နှင့် Antenna တပ်ဆင်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၁ ရက်အထိ ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ လွှင့်အား 150 W ၊ လှိုင်းနှုန်း (90.2 MHz) ဖြင့် MRTV FM ရေဒီယိုအစီစဉ်များ စမ်းသပ်ထုတ် လွှင့်လျက်ရှိသည်။

 

ထိုသို့ ထုတ်လွှင့်လျက်ရှိရာ ပြင်စလူမြို့ပေါ်ရပ်ကွက် ၁၊ ၂ နှင့် ၃ တို့မှလည်းကောင်း၊ အရှေ့ဘက် အရာတော်ငူ၊ သောင်လေး၊ ရေချိုကန်၊ ကွင်းပေါက်၊ အိုင်မ၊ အမတ်ကလေး၊ အမတ်ကြီး ကျေးရွာများမှလည်းကောင်း၊ အနောက်ဘက်တွင် ထန်းပင်ကုန်း၊ ကုန်းကြီး၊ ကွင်းယား၊ အဝကား၊ နံ့သာကုန်း၊ သပြေချိုင်၊ ကံကြီးဒေါင့် ကျေးရွာများမှလည်းကောင်း၊ တောင်ဘက်တွင် လေယာဉ်ကွင်း၊ ဝါးဘိုးကုန်း၊ ကျားချောင်း၊ အောင်လှိုင်ကျေးရွာများမှလည်းကောင်း၊ မြောက်ဘက်တွင် ဘိုးသက်ရှည်၊ လွှစာ၊ ရေကျော်ဝ၊ နောက်ဖေးကုန်း ကျေးရွာများမှ လည်းကောင်း အသံကြည်လင်ပြတ်သားစွာဖြင့် ဖမ်းယူနားဆင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်