နေပြည်တော် မတ် ၃

 

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ Meeting Hall ၌ ကျင်းပသည်။

 

ဉီးစွာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ရောဂါ စသည့်မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ပြီး မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုသည် ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါအသွင်ဖြင့် တိုးတက်များပြားလာကာ ပြည်သူ့ကျန်းမာရေးကိုများစွာ ထိခိုက် စေပါကြောင်း။

 

အများပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့်အန္တရာယ်မှ ကာကွယ်ရန်အတွက် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေနှင့် ဒေသများထူထောင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူငယ်များအကြားတွင် ရေပန်းစားလျက်ရှိသည့် E-cigarette၊ Vape အစရှိသည့် အီလက်ထရောနစ် အငွေ့ရှူစက်များနှင့်ပတ်သက်၍လည်း ဥပဒေအရထိန်းချုပ် ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေငြာခဲ့သည့် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေး သတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” သည် (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်တွင် စတင်အာဏာသက်ဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊ အမိန့်စာအား လုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများအနေဖြင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို အားဖြည့်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေး ရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။

 

ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များကို ဆွေးနွေးတင်ပြပြီး ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်