တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော်နှင့် ပြည်သူအားလုံးကို အကျိုးမပြုသည့် တရားမဝင်ကုန်သွယ်မှုကို လုံးဝကင်းစင်ပပျောက်သည်အထိ မျှော်မှန်းကာ ပူးပေါင်း ပါဝင် တိုက်ဖျက်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရာတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် စစ်ကိုင်းတိုင်း ဒေသကြီးက အများဆုံးဖမ်းဆီးရရှိခဲ့သည်။ ဒုတိယအများဆုံးဖမ်းဆီးရမိမှုမှာ မန္တလေးတိုင်းဒေသကြီး ဖြစ်ပြီး တတိယအများဆုံးဖမ်းဆီးရမိမှုမှာ ရန်ကုန်တိုင်းဒေသကြီးဟုသိရသည်။ ကုန်ပစ္စည်း အမျိုးအစားအလိုက် ဖမ်းဆီးရမိမှုအခြေအနေတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင် မော်တော်ယာဉ်များ အများဆုံးဖမ်းဆီးရမိပြီး ဒုတိယအများဆုံးမှာ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် တတိယအများဆုံးမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်သည်ကို တွေ့ရသည်။
ယင်းတို့နှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်လာကြသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအနက် “လိုင်စင်မဲ့မော်တော်ယာဉ်များ စိစစ်ဖော်ထုတ်ရာ၌ ဖမ်းဆီးရမိ သူများ အပြင် ပါဝင်ပတ်သက်နေသည့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ကိုလည်း စိစစ်ဖော်ထုတ် အရေးယူသွားရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းသည် နိုင်ငံတော်အတွက်လည်း များစွာထိခိုက်စေနိုင်သဖြင့် ထိထိရောက်ရောက် ဖော်ထုတ် ဖမ်းဆီးဆောင်ရွက် သွားရန်” အချက်ကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုများသည် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်စေနိုင်သည်ကို အထူးသတိပြုရမည် ဖြစ်သည်။ နိုင်ငံ၏ ပထဝီအနေအထားအရ ရှည်လျားသည့် နယ်စပ်တစ်လျှောက်တွင်ရှိသော တရားမဝင် ဝင်ထွက်ပေါက်များကို ထိန်းချုပ်နိုင်ရန်မှာ ခက်ခဲသည့်အနေအထားတွင်ရှိသည်။ အလားတူ တရားမဝင်ရှောင်ကွင်းလမ်းများမှ ဝင်ရောက်လာသည်များလည်းရှိသည်။ သို့သော် နယ်စပ် တစ်လျှောက် ဝင်ပေါက်များကို ထိန်းချုပ်နိုင်သည့် အဓိကလမ်းကြောင်းနေရာများတွင် တာဝန်ကျ သူများက သစ္စာရှိမှု၊ ရိုးသားမှု၊ ကိုယ်ချင်းစာနာမှုနှင့် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုမည် ဆိုသည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်မှသာ မည်သည့်တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်သည်ဖြစ်စေ ယခုထက် ပိုမိုဖမ်းဆီးနိုင်မည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် မှန်ကန်သည့်သတင်းအချက်အလက်ရရှိမှု၊ သတင်း လုံခြုံမှုနှင့် သတင်းပေးလူပုဂ္ဂိုလ်အတွက်လုံခြုံရေးသည် အရေးကြီးသည်။ ရရှိသည့်သတင်း အချက်အလက်များကို တည်ဆောက်ပြီး လုံခြုံရေးအတွက်စုဖွဲ့ကာ တညီတညွတ်တည်း စုပေါင်း ဆောင်ရွက်မှသာ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှုကို သတင်းပေးပို့ သည့်အတွက် သတင်းပေးပို့သူနှင့် ဖမ်းဆီးသူများကိုပါ ခံစားခွင့်ရှိသည့် ငွေကြေး အကျိုးအမြတ်များကို ခွဲဝေဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ မှန်ကန်သည့်သတင်း ပေးပို့မှု အကြိမ်အရေအတွက် တိုးတက်လာမှုနှင့် ပတ်သက်၍ ပြည်သူများအားလုံး သိရှိစေရေး နိုင်ငံပိုင်မီဒီယာ၊ ပုဂ္ဂလိက သတင်းဌာနများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန်လိုသည်။ စစ်ဆေးရေးနှင့် လုံခြုံရေးဂိတ်များတွင် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးလည်း စီမံဆောင်ရွက်ကြရန် လိုသည်။
နိုင်ငံတော်အနေဖြင့် ပို့ကုန်တင်ပို့မှုမြင့်မားတိုးတက်စေရေးနှင့် MSME ကုန်ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့နိုင်ရေးတို့အတွက် တရားမဝင်ကုန်ပစ္စည်း များ ဖမ်းဆီးရမိရေးကို အရှိန်အဟုန်မြှင့်တင် တိုက်ဖျက်နေခြင်းဖြစ်သည်။ အလားတူတရားမဝင်ကုန်ပစ္စည်းများ တင်သွင်းသည့်အတွက် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေရရှိမှုလည်း များစွာထိခိုက်စေသည့်အပြင် အရည်အသွေးမကောင်းသော လူသုံးကုန်များ၊ ဆေးဝါးများ၊ စားသောက်ကုန်များသည် စားသုံးသူပြည်သူများကို ဘေးအန္တရာယ် ဖြစ်စေသည့်အတွက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို ကာကွယ် သွားရမည်ဖြစ်သည်။
သို့ဖြစ်ရာ MSME လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ မဆုံးရှုံးစေရေးအတွက် တရားမဝင် ကုန်သွယ်မှုများကို ယခုထက် ပိုမိုတိုးတက်ဖမ်းဆီးရမိစေရေးနှင့် နိုင်ငံတော်နှင့် ပြည်သူအားလုံးကို အကျိုးမပြုသည့် တရားမဝင်ကုန်သွယ်မှုကို လုံးဝကင်းစင်ပပျောက်သည်အထိ မျှော်မှန်းကာ ပူးပေါင်းလက်တွဲ တိုက်ဖျက်ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ