K ဇင်သစ်(မန်းတက္ကသိုလ်)

 

ကောက်ပဲသီးနှံများ လှိုင်လှိုင်ပေါ်ချိန်တွင် တောင်သူများ ဈေးနှိမ်ခံနေရခြင်းက အစဉ်အလာသဘော ဖြစ်နေခြင်းသည် ငြင်း၍မရသော ပကတိအရှိတရား ဖြစ်နေပါသည်။ တောသူတောင်သားဘဝ အမြဲတမ်းလိုလို ငွေကြေးလိုအပ်ချက်ဖြစ်ပေါ်နေ၍ ပေါ်ပေါ်ချင်း ရောင်းချလိုက်ရသကဲ့သို့ သီးနှံများအား အဆင့်မြင့်တာရှည်ခံနည်းပညာနှင့် စက်ကိရိယာများမရှိ၍ ရောင်းချနေခြင်းက တောင်သူအများစု ကြုံတွေ့နေရခြင်းလည်းဖြစ်ပေသည်။

 

စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် အရင်းကျေ အမြတ်အနည်းငယ်ရရှိနိုင်ရေး နေဝင်မိုးချုပ် တစ်အိမ်သားလုံး လုပ်ကိုင်နေကြရသော်လည်း ပွဲစား၊ ကုန်သည်များကတော့ စားသုံးသူကို မငဲ့ကွက်၊ သူတို့အတွက် အရင်း၏ ထက်ဝက်ခန့် အမြတ်မကျန်လျှင် တုတ်တုတ်မျှမလှုပ်ဟု ဆိုရလောက်အောင် ဖြစ်ပျက်နေသည့် အခြေအနေကို ကြားသိနေရပြန်သည်။

 

တောင်သူတွေဝင်ငွေတိုးဖို့

ခေတ်အဆက်ဆက် တောင်သူတွေဝင်ငွေတိုးဖို့၊ သူတို့၏လူမှုစီးပွားဘဝမြင့်မားဖို့ လုပ်ဆောင်ပေးလျက် ရှိရာ မျက်မှောက်ကာလတွင် အချို့သောတောင်သူများအနေဖြင့် လက်တွေ့အကျိုးခံစားနေရသည်ကို တွေ့ရှိနေရပါသည်။ ယင်းတောင်သူအများစုကိုကြည့်လျှင် သမဝါယမအသင်းသားများအဖြစ်ပါဝင်ပြီး သမဝါယမအသင်းက စီစဉ်ဦးဆောင်၍ စုပေါင်းရောင်းဝယ်၊ စုပေါင်းလုပ်ဆောင်၊ စုပေါင်း စိုက်ပျိုးကြကာ အသင်းသားများအကျိုးရှေးရှု၍ အသင်းပိုင်ရင်းနှီးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတို့ဖြင့် ခေတ်မီအဆင့်မြင့်သီးနှံတာရှည်ခံ အအေးခန်းသိုလှောင်ရုံများ တည်ဆောက်ကာ ဈေးကွက်ခိုင်မာမှုရှိသည့်အချိန်တွင် ဖြန့်ဖြူးရောင်းချခြင်းမျိုးကို ဆောင်ရွက်လျက်ရှိသည့် သမဝါယမ အသင်း (၂) သင်း၏ အခြေအနေကို စာရေးသူလေ့လာ သိရှိရသလောက် မျှဝေပေးလိုပါသည်။

 

ယခင့်ယခင်က ဤအခြေအနေမျိုးမပေးသဖြင့် မည်သို့ပင်ကြိုးစားစိုက်ပျိုးစေကာမူ ဈေးကွက်ပျက်၍ တစ်ဖုံ၊ ရာသီဥတုဖောက်ပြန်လို့တစ်မျိုး၊ သဘာဝဘေးကတစ်သွယ်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကတစ်နည်း အမျိုးမျိုးအဖုံဖုံ ကြုံတွေ့ကြရ၍ တောင်သူတို့ ဒုက္ခအစုံကြုံခဲ့ရသော်လည်း နောင်တရားဒေသ အာလူးစိုက်တောင်သူများခမျာ ပစ္စက္ခဘဝရှင်သန်ရပ်တည်မှုက အောင်မြင်မှု အလီလီဆွတ်ခူးနေရသည့်ပမာ တွေ့နေရပါသည်။

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားဒေသတစ်ဝိုက်တွင် တစ်နိုင်ငံလုံး အာလူးစိုက်ဧက၏ သုံးပုံတစ်ပုံခန့်ဖြစ်သော စိုက်ဧက ၁၅၀၀၀ ကို စိုက်ပျိုးကာ အာလူးတန်ချိန် ၁၂၅၀၀၀ ခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် သုံးကြိမ် စိုက်ပျိုးကြခြင်းကြောင့် စားသုံးသူများထံ တစ်နှစ်ပတ်လုံး ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။

 

အာလူးစိုက်ပျိုးသူတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ခေတ်မီအာလူးစိုက်ပျိုးမှု နည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်များရရှိရေးကို ရည်ရွယ်၍ စန္ဒာခမ်းနောင်တရား အာလူးအစု အဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် အသင်းသားတောင်သူ ၁၅၃၂ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံ၍ အာလူးအအေးခန်း စက်ရုံကို ၂၀၂၀ ပြည့်နှစ်တွင် တည်ဆောက်နိုင်ခဲ့ကြ ပါသည်။ တစ်ချိန်တည်းမှာပင် Naung Ta Yar Potato Group Co.,Ltd. ကို ထူထောင်ခဲ့ကြပါသည်။

 

၁၇-၆-၂၀၂၂ ရက်နေ့တွင် နောင်တရားအာလူး စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းကို ဖွဲ့စည်းခဲ့ပြီး Naung Ta Yar Potato Group Co.,Ltd. ၏ အအေးခန်းစက်ရုံနှင့် ချိတ်ဆက်၍ အသင်းသားများ စိုက်ပျိုးထွက်ရှိသော အာလူးများကို သတ်မှတ်နှုန်းထားပေး၍ သိုလှောင် ထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် အာလူးတန် ၃၄၀၀ နှင့် ၂၀၂၃ ခုနှစ် ရာသီပေါ်ချိန် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ခန့် ဈေးကျချိန်တွင် တန်ချိန် ၄၈၀၀ ကို အအေးခန်း စက်ရုံတွင် သိုလှောင်ခဲ့ကြပြီး တစ်ပိဿာလျှင် ငွေကျပ် ၄၂၀၀ ပေါက်ဈေးရောက်ရှိချိန်တွင် ဖြန့်ဖြူး ရောင်းချနိုင်ခဲ့ခြင်းကြောင့် အသင်းသားတောင်သူ များ ဝင်ငွေပိုမိုတိုးမြှင့်ရရှိကာ ယင်းတို့၏ လူမှုစီးပွား ဘဝမြင့်မားရေးကို များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း သိရှိရပါသည်။

 

ဝမ်းမြောက်ဖွယ်

နောင်တရားအာလူးအစုအဖွဲ့ကုမ္ပဏီ (Naung Ta Yar Potato Group Co.,Ltd.)နှင့် နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းတို့ အချိတ်အဆက်မိမိ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းကြောင့် နောင်တရားဒေသ အာလူးစိုက်တောင်သူများ အပြုံးပီတိဖုံးနေကြ သည်က ဝမ်းမြောက်ဖွယ်ဖြစ်မိပါသည်။

 

နောင်တရားဒေသ၌ အာလူး၊ ငရုတ်၊ ကြက်သွန် ဖြူ၊ ခရမ်းချဉ်စသည့် နှစ်တိုသီးနှံများ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲမှုများကြောင့် မြေဆီလွှာခန်းခြောက်ပျက်စီးခြင်း၊ သီးနှံအရည် အသွေးနှင့် အထွက်နှုန်းကျဆင်းခြင်း၊ စားသုံးသူများ ကျန်းမာရေးလုံခြုံမှုမရှိခြင်းစသည့် ဆိုးကျိုးများ ခံစားနေကြရခြင်းကို ကျော်လွှားနိုင်ရေး၊ ဓာတု ကင်းစင်နယ်မြေ ပြန်လည်ဖြစ်တည်လာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း၍ စားသုံးမှုလုံခြုံစေရေး တို့ကို ဦးတည်၍ ဆောင်ရွက်နိုင်ရန် အာလူးစိုက် တောင်သူများ တန်ဖိုးသင့်သဘာဝမြေဩဇာများ သုံးစွဲလာနိုင်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သန်း ၁၀၀၀ ထောက်ပံ့ကြေးငွေရယူ၍ နောင်တရား အားလူး စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းသည် သဘာဝမြေဩဇာ စက်ရုံကြီးကို ၃၁-၃-၂၀၂၄ ရက်နေ့တွင် စမ်းသပ်လည်ပတ်နိုင်ခဲ့ပြီး အသင်းသားနှင့် အခြားတောင်သူ များကို စက်ရုံထုတ် နောင်တရားသဘာဝမြေဩဇာများ ရောင်းချဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရ ပါသည်။

အာလူးစိုက်ခင်းများတွင် သဘာဝမြေဩဇာများ အသုံးပြုလာခြင်းကြောင့် စားသုံးသူပြည်သူများ အနေဖြင့်လည်း ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့်ဝသော အာလူးများကို စားသုံးနိုင် ကြတော့မည်လည်းဖြစ်ပါသည်။ နောင်တရားဒေသ အာလူးအပါအဝင် နှစ်တိုသီးနှံစိုက်ပျိုးနေကြသော တောင်သူများအနေဖြင့် သမဝါယမအသင်းသားများအဖြစ် ပါဝင်လျက်ရှိနေခြင်းကြောင့် ကျရာ အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြပြီး အသင်းသားအကျိုး အပြည့်အဝခံစားကြရခြင်းနှင့်အတူ သမဝါယမ အသင်းကြီး၏ ရေရှည်စဉ်ဆက်မပြတ် အောင်မြင်မှုများ ရှိနေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

 

 

ကုသိုလ်ရသည့်သီးနှံ

အာလူးကို လူတိုင်းစားသုံးကြလျက်ရှိရာ အသားများနှင့်ရော၍ ချက်ပြုတ်စားသောက်ကြသလို ကြော်၍တစ်မျိုး၊ ထောင်း၍တစ်ဖုံ၊ ပြုတ်-သုပ်၍တစ်ဖန် စားလေ့ရှိကြပါသည်။ စိုက်ပျိုးသူ တောင်သူများ အနေဖြင့် လူသားတို့၏ အာဟာရ ဖြစ်ရေးအတွက် ကုသိုလ်ရသည့်သီးနှံမျိုးကို စိုက်ပျိုး ထုတ်လုပ်နေကြသည်ဟူ၍မှတ်ယူကာ ကုသိုလ် လည်းရ- ဝမ်းလည်းဝနေကြမည်ဖြစ်ပါသည်။

 

အာလူးစားသုံးခြင်းဖြင့် သွေးဖိအားကောင်းခြင်း၊ အရိုးနှင့် နှလုံးကျန်းမာရေး ကောင်းမွန်စေပြီး ခန္ဓာ ကိုယ်တွင်း ရောင်ရမ်းခြင်းကိုလည်း သက်သာစေနိုင် ပါသည်။ အစာခြေစနစ်ကောင်းခြင်း၊ ပေါင်ချိန် ထိန်းညှိပေးနိုင်ခြင်း၊ အရေပြားကျန်းမာရေး ကောင်းမွန်ခြင်း၊ ခုခံစွမ်းအားကောင်းမွန်ခြင်းနှင့် ကင်ဆာ ရောဂါကာကွယ်မှုတွင် ကူညီပေးခြင်းစသည့်အကျိုးကျေးဇူးများလည်း ရရှိနိုင်သည်ဟု သုတေသန မှတ်တမ်းများအရ သိရှိရပါသည်။ အာလူးစိုက်ပျိုးခြင်းသည် လူသားတို့၏ ကျန်းမာရေး ကို အထောက်အကူပြုနေသကဲ့သို့ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း သမဝါယမစနစ်ပုံစံဖြင့် ဆောင်ရွက်နေခြင်းကြောင့် တစ်ဦးချင်းစီဝင်ငွေတိုးကာ နောင်တရားဒေသမှာလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာတော့မည်လည်း ဖြစ်ပါသည်။

 

ထို့အတူ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်း အာလူးလယ်ယာကုန်ထုတ်နှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းသည်လည်း အာလူးမျိုးကောင်းမျိုးသန့်များကို အအေးခန်းစနစ်ဖြင့် ထိန်းသိမ်းသိုလှောင်နိုင်ရန် အအေးခန်းစက်ရုံ ကို ၉-၅-၂၀၂၄ ရက်နေ့တွင် ဆင်ဖြူကျွန်းမြို့ မြောက်ချောင်းဖြူကျေးရွာတွင် တည်ဆောက်ခဲ့ကြပါသည်။

 

အဆိုပါ သမဝါယမအသင်းမှာ အာလူးစိုက် တောင်သူ ၄၁ ဦးတို့က အစုရှယ်ယာထည့်ဝင် ငွေကျပ် သိန်း ၇၀၀၀၊ ခေတ္တချေးငွေကျပ်သိန်း ၇၆၀ နှင့် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သိန်း ၄၀၀၀ ရယူ၍ စုစုပေါင်းကျပ်သိန်း ၁၁၇၆၀ ရင်းနှီးမတည်ခဲ့ကြပါသည်။ တစ်ချိန်ကဆိုလျှင် ဆင်ဖြူကျွန်း နယ်တစ်ဝိုက် အာလူးစိုက်တောင်သူများအနေဖြင့် ထွက်ရှိအာလူးနှင့် မျိုးတို့အတွက် ရည်မှန်း၍ ဟဲဟိုး၊ နောင်တရားနှင့် အောင်ပန်းမြို့တို့ရှိ အာလူးအအေးခန်းစက်ရုံများသို့ နယ်ခြား မြေခြား ခရီးဝေးကွာစွာ သွားရောက် သိုလှောင်ခဲ့ကြရပါသည်။

 

ယခုကဲ့သို့ အအေးခန်းစက်ရုံ တည်ဆောက်နိုင်ခြင်းကြောင့် မိမိဒေသတွင်သာ အာလူးမျိုးများထားရှိ ရသည့်အတွက် လိုအပ်သည့်အချိန်တွင် အလွယ်တကူ စိုက်ပျိုးနိုင်မည်ဖြစ်သဖြင့် အချိန်ကုန် သက်သာခြင်း၊ သယ်ယူရမည့်အချိန်နှင့် သယ်ယူစရိတ်သက်သာခြင်း စသည့်အကျိုးကျေးဇူးများကို လက်တွေ့ခံစား နေကြရပြီဖြစ်ပေသည်။ ဆင်ဖြူကျွန်းနယ်တစ်ဝိုက် အာလူးစိုက်တောင်သူများ ကိုယ်စီပြုံးပျော်နေကြ သည်ဟု သိရပါသည်။

 

ဆင်ဖြူကျွန်းဒေသတွင် အာလူးစိုက်ဧက ၈၀၀ ခန့်ရှိကာ တစ်နှစ်လျှင် အာလူးတန်ချိန် ၈၀၀ ခန့် ထွက်ရှိပြီး ဒေသတွင်းနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ အအေးခန်းစက်ရုံမှာ အသင်းပိုင်ဖြစ်၍ အသင်းသားအာလူးစိုက်တောင်သူ၊ အခြား တောင်သူများနှင့် ငရုတ်စိုက်တောင်သူများ ထွက်ရှိ သော အာလူးနှင့် ငရုတ်သီးနှံများကို သိုလှောင်ခပေးစနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

 

အာလူးတစ်ပိသာလျှင် တစ်လသိုလှောင်ခ ငွေကျပ် ၉၀၊ တစ်တန်လျှင် တစ်လ ငွေကျပ် ၅၅၀၀၀ နှုန်း၊ ငရုတ်သီးတစ်ပိသာလျှင် တစ်လ ကျပ် ၂၀၀ နှုန်း သတ်မှတ်၍ လက်ခံဆောင်ရွက် လျက်ရှိရာ အာလူး ၁၂၆၆၆၆ ပိဿာနှင့် ငရုတ်သီး ပိဿာ ၁၃၆၉၆၀ လက်ခံသိုလှောင်နိုင်ခဲ့သဖြင့် သိုလှောင်ခရဝင်ငွေကျပ် ၃၈၇ ဒသမ ၉၁၉ သိန်း ခန့် ရရှိလျက်ရှိသည်ဟု သိရပါသည်။

 

သို့ဆိုရာ အာလူးစိုက်ဒေသများတွင် အအေးခန်းစက်ရုံများ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် အာလူးမျိုးပွားတစ်သျှူးကာချာလုပ်ငန်းကို တိုးချဲ့အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းအောင်မြင်ပါက အာလူးစိုက်တောင်သူများ လိုအပ်နေသော အာလူးမျိုးများကို နိုင်ငံခြားမှ ဈေးကြီးပေးဝယ် တင်သွင်းနေရမှု ကင်းလွတ်ကာ ဒေသတွင်းရှိ အာလူးစိုက်တောင်သူ များ ဈေးနှုန်းသက်သာစွာ မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ဝယ်ယူရရှိပြီး စိုက်ပျိုးနိုင်တော့မည် ဖြစ်၍ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုနှင့်အတူ လူမှုစီးပွားဘဝများလည်း မြင့်မားလာကြတော့မည် ဖြစ်ပါသည်။

 

ဈေးကွက်ချိုးနှိမ်မှုဒဏ်ကို ကျော်လွှား

သီးနှံပေါ်ချိန် ဈေးကွက်ချိုးနှိမ်မှုဒဏ်ကို ကျော်လွှားကာ ဈေးကောင်းရသည့်အချိန်တွင် သိုလှောင်သီးနှံများ ဖြန့်ဖြူးရောင်းချခြင်းကြောင့် ကျေးလက်နေတောင်သူများ ဝင်ငွေတိုးပွားရရှိလာ နိုင်တော့မည်ဖြစ်ပါသည်။ စိတ်ဆန္ဒတူ၊ လုပ်ငန်းတူသူများစုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းကာ လိုအပ်သော ခေတ်မီစက်ကိရိယာများ အသုံးပြုလာနိုင်ခြင်း၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက် ခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်ခြင်း၊ ဒေသ အကျိုးဖြစ်ထွန်းမှုနှင့် အသင်းသားတိုင်းကိုယ်စီ အမြတ်ဝေစုများ ရရှိခံစားနိုင်ခြင်း၊ စုပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်ခြင်းစသည့် မွန်မြတ်ကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြတော့မည် ဖြစ်ပါသည်။

 

သမဝါယမအသင်းပိုင် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ပြီး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလာနိုင် ခြင်းကြောင့် အရည်အသွေးကောင်းမွန်သော၊ ကျန်းမာရေးနှင့် ညီညွတ်သော အော်ဂဲနစ်သီးနှံများကို စားသုံးရသည့် ပြည်သူများအတွက်လည်း ကျန်းမာရေးသုခနှင့် ပြည့်စုံလာနိုင်တော့မည် ဖြစ်ပါသည်။

 

အချုပ်အားဖြင့်ဆိုရလျှင် ဒေသအလိုက် သီးနှံမျိုးတူစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် သမဝါယမအသင်းဖွဲ့စည်းပြီး လိုအပ်သောသွင်းအားစုများကို အသင်းကိုယ်တိုင်ထုတ်လုပ်-တင်သွင်းခြင်း၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့် ခေတ်မီအဆင့်မြှင့် စက်ကိရိယာ၊ သီးနှံတာရှည်ခံ Cold Storage စက်ရုံများ တည်ဆောက်ခြင်း၊ စားသုံးသူပြည်သူများသို့ အသင်းအချင်းချင်း ချိတ်ဆက်၍ ရောင်းချဖြန့်ဖြူးခြင်း၊ လိုအပ်သော ရင်းနှီးထောက်ပံ့ငွေများအား နိုင်ငံတော်အစိုးရက ကူညီ ထောက်ပံ့ပေးခြင်းများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးတောင်သူ များ ဝင်ငွေတိုးပွားလာခြင်း၊ စားသုံးသူပြည်သူများ ပစ္စည်းမှန်၊ ဈေးမှန်ဝယ်ယူစားသုံးနိုင်ခြင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးတွင် သမဝါယမစီးပွားရေးစနစ် ဖြင့် အထောက်အကူပြုလာနိုင်ခြင်းစသည့် အကျိုး ဖြစ်ထွန်းမှုများရှိလာကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ စိုက်ပျိုးထုတ်လုပ်သူနှင့် စားသုံးသူပြည်သူအကြား ဈေးကွက်ခိုင်မာမှုနှင့် ဈေးနှုန်းထိန်းညှိမှုကို သမဝါယမအသင်းများက တတ်စွမ်းသမျှ ပေါင်းစပ်ကူညီဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မိ ပါကြောင်း ရေးသားလိုက်ရပါသည်။

 

ကျမ်းကိုး ။ ။ သမဝါယမဦးစီးဌာန၏ စာရင်းအချက်အလက်များ