ရန်ကုန် မတ် ၄
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၂) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျ သဘာပတိ ဦးကျော်ဇေယျနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များက လက်ခံရယူကြပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။
ယနေ့ကျင်းပသော အလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင်၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၃၁ ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် (၃၀၉ ) ဦးက ၆ ကျပ်သားရွှေပြား ၂၁ ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၃၅၃ ချပ် စုစုပေါင်းရွှေစင်ရွှေပြားအချပ် ၃၇၄ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၁၃၇) ဦးအပါအ၀င် လှူဒါန်းငွေစုစုပေါင်းငွေကျပ် ၃၈၀၁,၇၉၀, ၄၈၁ (ကျပ်သိန်းပေါင်းသုံးသောင်းရှစ်ထောင် တစ်ဆယ့်ခုနစ်သိန်း ကိုးသောင်းလေးရာ ရှစ်ဆယ့်တစ်တိတိ) ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်