ရန်ကုန် မတ် ၄
ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီရင်ပြင်တော်ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက နှစ်ကျိပ်ရှိစ်ဆူဘုရားများကို ပင့်ဆောင်လျှက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား တစ်ပတ်လှည့်လည်ပူဇော်ကြပြီး ချမ်းသာကြီးတန်ဆောင်းအတွင်း ပင့်ဆောင်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် အလှည့်ကျ သဘာပတိဂေါပကအဖွဲ့ဝင် ဦးကျော်ဇေယျက (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ဗုဒ္ဓပူဇနိယမင်္ဂလာ အဖွင့်စကားဖတ်ကြားလျှောက်ထား၍ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်ရောင်မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သောအားဖြင့် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ကာ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ဖွင့်လှစ်ပေးကြပြီး ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို မတ် ၁၃ ရက်အထိ ၁၀ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်