နေပြည်တော် မတ် ၄
ရာဂီမုန်တိုင်းအရှိန်ဖြင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ပြန်လည်လုပ်ကိုင်နိုင်ကြစေရန် မွေးမြူရေးတိရစ္ဆာန်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၌ ကျင်းပသည်။
အခမ်းအနား၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဒေသအလိုက် စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် နိုင်ငံတော်က ဘက်စုံကဏ္ဍစုံမှ အားပေးကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ အာဟာရပြည့်ဝရေးအတွက် အရေးပါသည့် အသား၊ ငါး၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ သဘာဝဘေးကြောင့် ထိခိုက်ခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ပြန်လည်လုပ်ကိုင်နိုင်ကြစေရန် ယခုကဲ့သို့ နယ်မြေအလိုက် မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ပြည့်မီအောင် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သဘာဝဘေး ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးတောင်သူ (၅၇) ဦးအတွက် ဒေသနွား (၂၅၄) ကောင်ကို ဒုတိယဝန်ကြီးနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်တို့က ပေးအပ်ကြသည်။
ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ မွေးမြူရေးလုပ်ကိုင်သူများကို မွေးမြူရေးတိရစ္ဆာန်များ ပြန်လည်ဖြည့်ဆည်းပေးလျက်ရှိရာတွင် ယနေ့အထိ ကျွဲ (၇၁) ကောင်၊ နွား (၁၂၁၅) ကောင်၊ ဝက် (၃၉၅၇) ကောင်၊ သိုး ဆိတ် (၁၆၈၈) ကောင်၊ ဒေသကြက် (၂၃၂၀၇) ကောင်၊ အသားတိုးကြက် (၉၃၇၀၀) ကောင်၊ ဥစားကြက် (၉၁၁၅) ကောင်၊ ဘဲ(၁၁၁၆၃) ကောင် ပြန်လည်ဖြည့်ဆည်းပေးခဲ့ပြီး ဆုံးရှုံးခဲ့ရသည့် မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ပြည့်မီအောင် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်မှ မွေးမြူသူ (၅၇) ဦးအတွက် ဒေသနွား (၂၅၄) ကောင်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အနော်ရထာရပ်ကွက်အတွက် ထောက်ပံ့ပေးအပ်ရန် ကျန်ရှိသည့် နွား (၄၂၅) ကောင်ကိုလည်း ယခုလအတွင်း ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေမြို့မွေးမြူရေးဇုန်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကာကီကင်းဥစားဘဲ ဥဖောက်စက်သို့ရောက်ရှိပြီး ဘဲသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပဲခူးဘုရားကြီး ဘဲမွေးမြူရေးခြံသို့ ပို့ဆောင်၍ မွေးမြူသူများအားဖြန့်ဖြူးမည့် ဘဲပေါက်ကောင်ရေ (၃၁၃၀) နှင့် ဒေသနွားမျိုးမြှင့်တင်ခြင်း ဆောင်ရွက်နိုင်ရန် အဓိကလိုအပ်သည့်ဒေသနွား (၅) မျိုး၏ မျိုးဆိုင်ရာ အခြေခံစံနှုန်းများ သတ်မှတ်နိုင်ရန် ဒေသနွားမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲ၊ ဇီဝလုံခြုံမှု အဆင့် (၂) ခွာနာလျှာနာရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်