နေပြည်တော် မတ် ၄
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (2022) “စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (2022) ၏ “မဲခေါင်ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့မှ ပါမောက္ခများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သုတေသီများ တက်ရောက်ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီး ဦးမင်းသူက အမှာစကားပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Zhang Zhonghua က မဲခေါင်မြစ်ဝှမ်းဒေသ၏ အရေးပါမှုနှင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထိုနောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများဆိုင်ရာ အထိမ်းအမှတ်ဗီဒီယိုအား ပြသပြီး စီမံကိန်းဆိုင်ရာတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆောင်ရွက်ထားရှိမှု ပိုစတာများကို ရှင်းလင်းပြသဆွေးနွေးကြကာ တက်ရောက်လာကြသည် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့မှ ပါမောက္ခများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ သုတေသီများနှင့် စီမံကိန်းတာဝန်ရှိသူများက မိမိတို့သက်ဆိုင်သည့် လုပ်ငန်းတာဝန်များအလိုက် ရှင်းလင်းတင်ပြကြ၍ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၂) ၏ ပထမဆုံးသော ပရောဂျက်ဖြစ်သည့် “ရေအသုံးချခြင်းဆိုင်ရာလုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေးခြင်း” စီမံကိန်း (MLC-Education Project) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရပြီး ဒုတိယစီမံကိန်းဖြစ်သော “မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင်မျိုးစိတ်များစိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း” (MLC-Medicinal Plants Project)” သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ (၂) နှစ်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်