နေပြည်တော် မတ် ၄
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှကြီးမှူး၍ ကမ္ဘာ့အင်ဂျင်နီယာများနေ့ အခမ်းအနား - ၂၀၂၅ (World Engineering Day – 2025) ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဉီးစွာအခမ်းအနားကို ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက ဒေါက်တာဝင်းမြင့်နှင့် ဦးအေးမြင့်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အရွေးချယ်ခံကမ္ဘာ့အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၏ ဂုဏ်ပြုအမှာစကားအား Video Message ဖြင့် ပြသသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်တို့က ဂုဏ်ထူးဆောင်အင်ဂျင်နီယာဆုများ၊ အကောင်းဆုံးကုမ္ပဏီဆုများ၊ အကောင်းဆုံးစာတမ်းဆုများ၊ အကောင်းဆုံးဂျာနယ်ဆုများ၊ အကောင်းဆုံးအစီအစဉ်တင်ဆက်သူဆုများနှင့် WFEO Hackathon အတွက် အသိအမှတ်ပြုလက်မှတ်များကို ချီးမြှင့်ပေးကြပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယက ဦးအေးမြင့်က ကျေးဇူးတင်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်