နေပြည်တော် မတ် ၄
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် - ၄၃ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဉက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဉက္ကဋ္ဌ (၂) ဉီးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီနှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ်က ယခုသင်တန်းသည် စာရင်းပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုမည့်သူများအတွက် အခြေခံကောင်းများရရှိစေမည့်အပြင် စာရင်းပညာရှင် (လက်မှတ်ရပြည်သူ့စာ ရင်းကိုင် - CPA) အဖြစ် ဆက်လက်လျှောက်လှမ်းနိုင်မည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတို့ရှိ စာရင်းလုပ်ငန်းနယ်ပယ်များတွင် အားထားရသည့် စာရင်းကျွမ်းကျင်သူများအဖြစ် ပါဝင်ဆောင်ရွက်နိုင်စေရေး၊ လက်တွေ့ဘဝအသက်မွေးမှုတွင် ပြန်လည်အသုံးချနိုင်စေရေးတို့အတွက် သင်ကြားပို့ချမှုများကို အလေးထားလေ့လာမှတ်သားကြရန်၊ ခေတ်နှင့်အညီ ရင်ဘောင်တန်းဆောင်ရွက်နိုင်စေရေးအတွက် စာရင်းပညာဆိုင်ရာ၊ နည်းပညာဆိုင်ရာ အသစ်ဖြစ်ပေါ်တိုးတက်မှုများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်နှင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များသို့ တက်လှမ်းနိုင်သူများဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း ရန်ကုန်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို နေပြည်တော်သင်တန်းကျောင်းတွင် သင်တန်းသား (၂၅) ဦးနှင့် ရန်ကုန်သင်တန်းကျောင်းတွင် သင်တန်းသား (၁၇) ဦး စုစုပေါင်းသင်တန်းသား (၄၂) ဦး တို့ကို ဘာသာရပ် ၆ ခုဖြင့် (၁၀) လကြာ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
