နေပြည်တော် မတ် ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အမှတ် (၂) ၊ အမှတ် (၈) ၊ အမှတ် (၁၁) နှင့် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၁) နှင့် အမှတ် (၁၄) အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဥ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့တွင် ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာစာဖြေဌာန ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများကိုတွေ့ဆုံ၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် စာမေးပွဲကို စာမေးပွဲလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျကျင်းပနိုင်ရေး မှာကြားပြီး ကျောင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အောင်သပြေ)၊ အခြေခံပညာအလယ်တန်းကျောင်း (ကုန်းပေါ်)၊ အခြေခံပညာ အလယ်တန်းကျောင်း (စဉ့်ဟယ်-၂)၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း (ရွှေညောင်)၊ တာယော အခြေခံပညာမူလတန်းကျောင်း (ရွှေညောင်)၊ ကလောမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း (အောင်ပန်း) နှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (အောင်ပန်း) နှင့် အခြေခံပညာအလယ်တန်းကျောင်း (ဝါးရုံပင်) သို့သွားရောက်၍ ကျောင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ဆရာဆရာမများ၏ တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်