ရန်ကုန် မတ် ၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ ယနေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး တိုင်းရုံးနှစ်ထပ် (၈၁ပေ x ၅၇ပေ x ၂၃ပေ ) တည်ဆောက်နေမှု၊ ရန်ကုန်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာအားကစားခန်းမ၌ အားကစားသမားများလေ့ကျင့်နေမှုကိုကြည့်ရှု၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ပဒေသာအားကစားကွင်းအတွင်းရှိ တိုင်းဒေသကြီးလက်ဝှေ့နှင့် အလေးမလေ့ကျင့်ရေးရုံနှင့် မီတာ (၄၀၀) Synthetic ပြေးလမ်းပါ ဘောလုံးကွင်းအဆင့် မြင့်တင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့ရောက်ရှိပြီး ရေကူးကန်စက်ခန်းနံရံပြုပြင်ခြင်း၊ Filter ပိုက်လိုင်းများ ရေဝင်ရေထွက်ကောင်းမွန်မှုနှင့် ရေကူးကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး နည်းပြများကိုတွေ့ဆုံ၍ လာမည့် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်များဆွတ်ခူးရရှိရေးနှင့် ယခင်အောင်မြင်မှုများထက် ပိုမိုအောင်မြင်မှုများရရှိရေး အထူးကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်အတွက် အားကစားကဏ္ဍတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်