နေပြည်တော်၊ မတ် - ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မတ် ၄ ရက်နေ့ညပိုင်းတွင် ရုရှား-အာဆီယံ စီးပွားရေးကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့်အဖွဲ့အား မော်စကိုမြို့၊ Radisson Collection ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးခရီးစဉ်လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှား-အာဆီယံ စီးပွားရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှား-မြန်မာ စီးပွားရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ဖရဲသီး၊ သရက်သီးစသည့် အသီးအနှံများအား ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့်အခြေအနေများ၊ စွန့်ပစ်အမှိုက်များအား Recycle ဖြင့် ပြန်လည်အသုံးပြုနိုင်ရေး ကိစ္စရပ်များ၊ အာကာသနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား-အာဆီယံ စီးပွားရေးကော်မရှင်ဥက္ကဋ္ဌတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

MDN