ရန်ကုန် မတ် ၅

အလုပ်သမားဝန်ကြီးဌာနသည် မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် မြန်မာနိုင်ငံမှလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း အသစ်များ ရှာဖွေနိုင်ရေး ရှေးရှု၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

မြန်မာလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရန်နှင့် လုပ်ခလစာ ပိုမိုကောင်းမွန်သည့် နိုင်ငံများသို့ လုပ်သားစေလွှတ်ခြင်းဖြင့် လုပ်သားဈေးကွက် တိုးချဲ့ရှာဖွေ နိုင်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ Pilot Project ဖြင့် စေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက် ခဲ့ရာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်သည့် Vista International Co,.Ltd ၏ အစီအစဉ်ဖြင့် ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ Joint-Stock Company ‘Inturd’ Co.,Ltd သို့ ကျွမ်းကျင်မြန်မာလုပ်သား ၅၄ ဦးအနက် ကနဦးအစီအစဉ်ဖြင့် လုပ်သား ၂၄ ဦအား Pilot Project စေလွှတ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက်တွင် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ မတ် ၃ ရက်တွင် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း သင်ကြားပို့ချခြင်းနှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်ပေးခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ Pilot Project အဖြစ် စနစ်တကျ စေလွှတ်နိုင်ခဲ့သည်။  
    
မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  အလုပ်သမားနှင့် လူမှု ကာကွယ်စောင့်ရှောက်ရေးဝန်ကြီးဌာနတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ MoU လက်မှတ်ရေးထိုးရခြင်း မရှိသေးသော်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ Pilot Project ဖြင့် စေလွှတ်ခြင်းဖြစ်ပြီး အနာဂတ်တွင် အလုပ်သမားဈေးကွက်ရရှိ၍ အလုပ်သမား များ အလုပ်အကိုင် အခွင့်အလမ်းများရရှိခြင်း၊ အလုပ်သမားနှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘဝ ကောင်းမွန် တိုးတက်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်