မတ် ၆

ဘိုလီးဗီးယားနိုင်ငံတွင် နိုဝင်ဘာလနောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ၃၉ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အခြားခုနစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အဆိုပါရေကြီးမှုများကြောင့် ရေဘေးသင့်မိသားစု ၁၆၁၀၀၀ ကျော် ရှိသည်ဟုသိရသည်။ ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိသော်လည်း မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် သေဆုံးသူဦးရေမြင့်တက်လာဖွယ်ရှိသည်ဟု သိရသည်။

လတ်တလောတွင် ဒေသကြီး ၃၄ ခု၊ လာပါ့ဇ်ဒေသတွင် အများဆုံးဖြစ်ပွားလျက်ရှိရာ သဘာဝဘေးအန္တရာယ်အခြေအနေ ထုတ်ပြန်ကြေညာထားကြောင်း ဖော်ပြထားသည်။

ဘိုလီးဗီးယားမိုးလေဝသဌာနက မတ်လ ၁၄ ရက်အထိ လိမ္မော်ရောင်အဆင့် ရေကြီးမှုသတိပေးချက်ထုတ်ပြန်ထားပြီး မိုးများဆက်လက်ရွာသွန်းလျက်ရှိသဖြင့် ရေကြီးမှုဖြစ်ပွားနိုင်ကြောင်း သတိပေးပြောကြားထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို