ရန်ကုန် မတ် ၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဆည်တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက် ၇ နာရီက မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ပါရမီလမ်းရှိ ပါရမီအားကစားကွင်း ပြုပြင်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ရန် ၊ လိုအပ်သည့်နေရာတွင် အကာအရံပြုလုပ်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊  ဘုရင့်နောင်တံတားအောက် ပန်းခြံတွင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနကပြည်သူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေး ယိုးဒယားဘဲစားမြက်၊ စင်္ကာပူချယ်ရီပင်များ၊ ဘွန်ဆိုင်းပင်များ၊ ရောင်စုံစက္ကူပန်းပင်များနှင့် Poulownia ပင် စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်သူများအဆင်ပြေစွာ သွားလာနိုင်စေရန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်ညောင်တုန်းလမ်း၊ ဗိုလ်ဗထူး (၆)လမ်းနေရာနှင့် မီးခွက်စျေး ရုပ်ရှင်ရုံရှေ့ နေရာတို့တွင် သံကူကွန်ကရစ် လူကူးတံတားများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းဘေး ရေစုကန်ရေမြောင်းအား ဘုရင့်နောင်လမ်းမှ သောင်ကြားချောင်းအထိ ဇလားပုံသဏ္ဌာန် ရေမြောင်းတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်