နေပြည်တော် မတ် ၆
သီတဂူကေတုမတီအာယုဒါနဆေးရုံတော်ကြီး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ သီတဂူကေတုမတီအာယုဒါနဆေးရုံကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် ဆေးရုံတော်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဂဏာဓိပတိ၊ သောဠသမရွှေကျင်သာသနာပိုင်၊ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ကြီး နှင့် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်(တောင်ငူ) ပါမောက္ခ သီတဂူကေတုမတီအာယုဒါနဆေးရုံကြီး တာဝန် ခံဆရာတော် ဒေါက်တာဘဒ္ဒန္တတိက္ခသာရအမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒါယကာ/ ဒါယိကာမများက တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် သီတဂူဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဩဝါဒကထာ နာယူကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီးထံ အလှူရှင်များက သီတဂူကေတုမတီအာယုဒါန ဆေးရုံတော်ကြီးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးကိုယ်စား ပြည်ထောင်စုဝန်ကြီးများက အလှူငွေများလက်ခံကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သီတဂူကေတုမတီအာ ယုဒါနဆေးရုံကြီး ဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ဝမ်းမြောက်စကား လျှောက်ထားသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးက အနုမောဒနာတရားဟောကြားရာတွင် မြတ်စွာဘုရားသက် တော်ထင် ရှားရှိစဉ် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကတည်းက သူနာပြုလုပ်ငန်းကို ဦးဆောင်သူမှာ ဗုဒ္ဓဖြစ်သည် ကို သုတ္တန် ပိဋကတော်အရ ပြောဆိုနိုင်ပါကြောင်း၊ သံဃာတော်များ သီတင်းသုံးရာ ကျောင်းသင်္ခန်း များတွင် ဂိလာနအာရောဂျဆာယာ ဆိုသည့် ဆေးကုသဆောင်များ တည်ဆောက်ထားသည်များကို အထောက်အထားများအရ သိရှိရပါကြောင်း၊ မြတ်စွာဘုရားရှင်က ဂိလာနသံဃာတွေ့ပါလျက် ဆေးကုသပေးမှုမပြုပါက အာပတ်ဖြစ်သည်ဟု ပညတ်ပါကြောင်း၊ ဂိလာနကို ဝိနည်းသိက္ခာနှင့်အညီ အချင်းချင်းမေတ္တာဖြင့် ကုသမှုပြုလုပ်ကြရန် ဘုရားရှင်ကိုယ်တိုင် မိန့်ဆိုထားခဲ့ကြောင်း၊ ဂိလာနကိုပြုစုပေးခြင်းသည် မြတ်စွာဘုရားအား ပြုစုရာရောက်သည်ဟု မိန့်ကြားတော်မူခဲ့ပါကြောင်း။
အသောကမင်းကြီး၏ သာသနာပြုအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူရာတွင် တစ်နေရာတစ်မျိုးဖြစ်ပြီး နွားရုပ်၊ မြင်းရုပ်၊ ဆင်ရုပ်၊ ခြင်္သေ့ရုပ် စသည့် အရုပ် (၄)မျိုး စိုက်ထူပါကြောင်း၊ နွားရုပ်နှင့်ဆိုင်သည့် နွားလားဥဿဖသည် လူတို့၏အကျိုးစီးပွား ဆောင်ရွက်သည့်နေရာတွင် သည်းခံအား အလွန်ကောင်းသည့်အတွက်ကြောင့် ဘာသာသာသနာအကျိူး၊ အများအကျိုး၊ နိုင်ငံ့အကျိုးကိုဆောင်ရွက်သည့်အခါ နွားလိုသည်းခံ အားကောင်းကောင်းဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ မြင်းရုပ်နှင့်ဆိုင်သည့်မြင်းသည် ပြေးလွှားအားအလွန်လျင်မြန်သည့်နည်းတူ ဘာသာ သာသနာအကျိူး၊ အများအကျိုး၊ နိုင်ငံ့အကျိုး၊ လူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်သည့် နေရာတွင် မြင်းလိုပင် အရှိန်အဟုန်သုံးပြီး အလုပ်ကိုမြန်မြန်လုပ်ရန် လိုအပ်ပါကြောင်း၊ ဆင်ရုပ်နှင့်ဆိုင်သည့် ဆင်သည် မြေပြင်တွင် အင်အားအကောင်းဆုံး ဖြစ်သည့်အတွက်ကြောင့် အလုပ်လုပ်ရာတွင် ဆင်လို အင်နှင့်အားနှင့် ဆောင်ရွက်ရန်လိုကြောင်း၊ ခြင်္သေ့သည် ကြောက်ရွံ့မှုမရှိဘဲ သတ္တိရှိသောကြောင့် လုပ်ငန်းတစ်ခုလုပ်ရာတွင် ခြင်္သေ့လိုသတ္တိရှိရှိလုပ်ရန်လိုကြောင်း၊ ဘာသာရေး၊ လူမှုရေးရာများနှင့် ဂိလာန စောင့်ရှောက်မှုရေးရာများလုပ်ဆောင်ရာတွင် လူအင်အား၊ ပစ္စည်းအင်အား၊ ငွေအင်အားနှင့် စိတ်ဓာတ်အင်အား စသည့်အင်အား(၄)မျိုးဖြင့် လုပ်ဆောင်ရန်လိုကြောင်း မိန့်ကြားသည်။
ထို့နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး သီတဂူဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က သီတဂူအဓိဋ္ဌာန် ရွတ်ဆိုပူဇော်၍ ပထမပိုင်း အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့က စက်ခလုတ်နှိပ်၍ သီတဂူကေတုမတီ အာယုဒါနဆေးရုံတော်ကြီး မင်္ဂလာမုခ်ဦးကိုဖွင့်လှစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး နယ်မြေခံလေတပ်စခန်း ဌာနချုပ်မှူးတို့က ဖဲကြိုးဖြတ်၍ သီတဂူကေတုမတီအာယုဒါနဆေးရုံတော် မင်္ဂလာတံခါးကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီး နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ တာဝန်ရှိသူများသည် သီတဂူကေတုမတီအာယုဒါန ဆေးရုံတော်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် သွားတုတပ်ဆင် ဆေးကုသမှုခံယူနေသော လူနာများကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်