နေပြည်တော် မတ် ၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဆောင်ရွက်သည့် “ခြင်းရက်လုပ်နည်း သင်တန်းအမှတ်စဉ် (၁/ ၂၀၂၅)” သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ယခုသင်တန်းမှ သင်ကြားတတ်မြောက်လာသည့် နည်းပညာများကို အသုံးချ၍ ဆန်းသစ်တီထွင်ကာ အိုးမကွာအိမ်မကွာဖြင့် ကိုယ်ပိုင်အသေးစား၊ အလတ်စားလုပ်ငန်းများ ထူထောင်ပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များကို အထောက်အကူပြုနိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသခံတိုင်းရင်းသားများသို့ ဆင့်ပွားသင်တန်းများ ပို့ချခြင်းဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများ ရက်လုပ်ထားသည့် အလှခြင်းအမျိုးမျိုးအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်