နေပြည်တော် မတ် ၇
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တနင်္သာရီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ ယနေ့ နံနက် (၁၀) နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း။ 
 တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ပန်းခင်းစီမံချက်အဆင့် (၃) တွင် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ရန်ကျန်ရှိမှုနှင့် ထပ်မံ၍ အသက် (၁၈) နှစ်ပြည့်လာမည့်သူများအတွက် ယခုပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၃၁) ရက်အထိ ဆောင်ရွက်ရန် လျာထားရာတွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားစုစုပေါင်း (၄၀၀၀) ကျော် ထုတ်ပေးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ သတ်မှတ်ကာလများအတွင်း လျာထားချက်အတိုင်း ပြီးစီးအောင်မြင်ရေးအတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပန်းခင်းစီမံချက်အဆင့် (၃) လျာထားသတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယာယီရွှေ့ပြောင်းနေထိုင်သူများ စာရင်းကောက်ယူ‌ပြုစုဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 
ယင်းနောက် တာဝန်ရှိသူများကလုပ်ငန်းများအောင်မြင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက်နေမှုများနှင့်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။ 
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားကတ်ပြား ရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။ 
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်နှင့်မိတ္တူ လျှောက်ထားသူ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားကတ်ပြားစိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု့အားပေးသည်။ 
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး အဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်