နေပြည်တော် မတ် ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ် မဒန်းဆည်ရေသောက်စနစ်နှင့် ဥတ္တရသီရိမြို့နယ် ဖောင်းလောင်ရေသောက်စနစ်များအတွင်း စိုက်ပျိုးရေပေးဝေနေမှုကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ လယ်ဝေးမြို့နယ် မဒန်းဆည်ရေသောက်စနစ် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သီးနှံများ တစ်ဧကချင်း အထွက်နှုန်းတိုးတက်ရေး၊ သီးထပ်သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် သီးနှံပုံစံနှင့် စိုက်ပျိုးချိန်တူညီရေး၊ တောင်သူများပါဝင်သော ရေအသုံးချသူများအဖွဲ့နှင့် စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့များ ပူးပေါင်းညှိနှိုင်း စီမံဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် ဖောင်းလောင်ဆည်ရေသောက် ဧရိယာအတွင်း ယခုနှစ် လျာထားစိုက်ပျိုးလျက်ရှိသော နွေစပါး (၅၅၀) ဧက စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ယခုနှစ် စိုက်ပျိုးမည့် နွေစပါး လျားထားဧရိယာများတွင် ပုံမှန်စိုက်ပျိုးသည့် စပါးမျိုးများအပြင် ဝန်ကြီးဌာနမှ သုတေသနပြုထုတ်လုပ်ထားသည့် အောင်နိုင်တိုးစပါးမျိုးပါသည့်အတွက်ကြောင့် အဆိုပါစပါးမျိုးမှာ အထွက်နှုန်းကောင်းခြင်း၊ ပြည်တွင်း ပြည်ပ ဈေးကွက်ဝင်အရည်အသွေးရှိခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်း၊ သက်လျင်စပါးမျိုးဖြစ်ခြင်းတို့ကြောင့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြု စိုက်ပျိုးသွားစေရန်အတွက် ပညာပေးသရုပ်ပြဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအနီး ဆင်လူးငန်းစပ်ကန် ရေဝင်ရောက်မှုအခြေအနေ၊ ရေလှောင်ကန်၊ ရေတံခါးကြံ့ခိုင်မှု အခြေအနေနှင့် နွေစပါး (၈၅ )ဧကနှင့် နွေအခြားသီးနှံ (၃၅) ဧက စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခုနှစ်နွေသီနှံရာသီတွင် ဆည်၊ ကန်၊ ရေလှောင်တမံများမှ နွေစပါး (၃၉၃၇၉) ဧကနှင့် အခြားနွေသီးနှံဧက (၁၄၈၀၀) အား လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
