နေပြည်တော် မတ်၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေဇင် နှင့် အတူ ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ်၊ တောမအုပ်စု ဥယျာဉ်ကျေးရွာရှိ မိတ္ထီလာတောင်ကန် ဥယျာဉ်မြောင်းရေသောက်စနစ်အတွင်း နွေနှမ်း (ဆင်းရတနာ ၃) မျိုးများကို ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူများ၏ ဧက (၅၀) စံပြစိုက်ခင်းကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာစည်မြို့နယ်ရှိ စမုံရေထိန်းတမံ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး သဲထုတ်ရေတံခါး၊ ပင်မရေပိုလွှဲနှင့် ရေတံခါးတပ်ရေပိုလွှဲများ ပြပြုင်ဆောင်ရွက်နေမှု၊ အရေးပေါ်အခြေအနေတွင် ရေကျော်စီးထွက်စေမည့် အလျားပေ (၅၀၀) ရှိ အကူရေပိုလွှဲ (Fuse Plug Spillway) ထည့်သွင်းဆောင်ရွက်နေမှုနှင့် ရေစစ်သဲခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် မိတ္ထီလာစက်မှုဇုန်ရှိ ပုဂ္ဂလိက တိရစ္ဆာန်အစာ ထုတ်လုပ်ရေးစက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ပြည်တွင်းတိရစ္ဆာန်အစာလိုအပ်ချက် ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု၏ အရေးပါမှု၊ တိရစ္ဆာန်အစာ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစွမ်းအင်စနစ်ကို အသုံးပြု၍ စက်ရုံလည်ပတ်နိုင်ရေး စီမံဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို တာဝန်ရှိသူများနှင့် ဆွေးနွေးပြောကြားသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့နယ်ရှိ စမုံရေငုပ်ပြွန်အသစ် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ၊ စမုံချောင်းရေလွှဲမြောင်းဖောက်လုပ်ခြင်းနှင့် စမုံရေထုတ်ပြွန် အောက်ပိုင်းရှိ ရေသောက်ဧရိယာ ဧက (၂၀၀၀၀) ကျော်ခန့်ကို ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ရေပေးဝေရန်အတွက် ယာယီရေပေးမြောင်းဖောက်လုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်သည့် ယာယီရေတားတမံမှ နွေသီးနှံ ရေပေးဝေမည့် ယာယီရေပေးမြောင်းကို သံဖရိန်၊ သံပြားကာ၊ ကွန်ကရစ်ခင်းဖြင့် ဆောင်ရွက်ပြီး မတ် ၆ ရက်မှ စတင်၍ ရေစမ်းသပ်ပေးဝေလျက်ရှိသည်။
ဆက်လက်၍ ဝမ်းတွင်းမြို့နယ်၊ ရာသင်္ချာကျေးရွာအုပ်စု ကျွဲတပ်ကျေးရွာ တောင်သူဦးသန်းထွန်း၏ ငါးမွေးကန် (၁၃) ကန်ဖြင့် ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် မြစ်သားမြို့နယ် ရွာသစ်ကျေးရွာရှိ ဆောင်းကြက်သွန်နီ (ရွှေဖလား) ဧက (၁၀၀) စံပြကွက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်