နေပြည်တော်၊ မတ် ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ် (ထုံးဘို) ရှိ ပုဂ္ဂလိကဝက်မွေးမြူရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး မွေးမြူရေးထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေးဆိုင်ရာများ အကြံပြုဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကြူဝန်းခြံ အသားတိုးနွား မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်နှင့် သရုပ်ပြခြံအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသမျိုးရင်း အသားတိုးနွားများအား ပိုမိုကောင်းမွန်သော မျိုးကောင်းမျိုးသန့်များအဖြစ် မွေးမြူထုတ်လုပ်၍ မွေးမြူသူများထံဖြန့်ဝေပေးရန်၊ တိရစ္ဆာန် အစာအတွက် လိုအပ်သည့် အစာနု အစာကြမ်းနှင့် ကောက်ရိုးချဥ်ဖတ်များ လုံလောက်စွာ ထုတ်လုပ်ကြရန်၊ တိရစ္ဆာန်သောက်သုံးရေ အပြည့်အဝ ရရှိစေရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပန့်ရေတင်စနစ်ကို အသုံးပြုဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအားလုံး တပြေးညီ တာဝန်ပေး၍ စနစ်တကျ စီမံခန့်ခွဲပြီး မျှတစွာအုပ်ချုပ်ရန် ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ပြင်ဦးလွင်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဥ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဒိုးကွင်ဥယျာဥ်ခြံကို ကြည့်ရှု စစ်ဆေးပြီး ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်အဖြစ် စီမံဆောင်ရွက်နေမှုကို အထောက်အကူ ဖြစ်စေရန်အတွက် ထူးခြားဆန်းပြားသော ပန်းမျိုးများ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ မေမြို့ပန်းများအား မျိုးစပ်မျိုးမြှင့် စိုက်ပျိုးနည်းပညာပေးခြင်းလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်ရန်၊ ရေမြေဒေသနှင့် ကိုက်ညီသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ မျိုးရင်းတူ ဒေသသစ်ခွမျိုးများကို မျိုးစပ်၍ခေတ်နှင့်အညီ မျိုးသစ်များ ရှာဖွေဖော်ထုတ်ရန်၊ သစ်ခွပန်းမျိုးများ အရောင်ကွဲအလိုက် ရွေးချယ်စုဆောင်းပြီး အသွင်သဏ္ဌာန်မျိုး ထူးခြားသည့်မျိုးသစ်များ သုတေသနပြု ဖော်ထုတ်ရန်နှင့် ပြင်ဦးလွင် စတော်ဘယ်ရီ မူရင်းမျိုးများအား ထိန်းသိမ်းမျိုးပွားခြင်းကို ယခုထက်ပိုမို အောင်မြင်အောင်ဆောင်ရွက်ရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်