နေပြည်တော် မတ် ၉

စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ (၆၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ဆွေးနွေးပွဲတွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှုနှင့် ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်မှုအခြေအနေ၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်ရရှိရေးအတွက် မြေဆီလွှာ အာဟာရဓာတ်စီမံခန့်ခွဲခြင်း၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်ရရှိရေး ရေစီမံခန့်ခွဲမှု နည်းစနစ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် က အွန်လိုင်းမှ တက်ရောက်၍ နေကြာသီးနှံလျာထားဧရိယာ ပြည့်မီရေးအတွက် မိမိ တွေ့ရှိချက် လေ့လာချက်များအရ နေကြာစပ်မျိုးများအပြင် ဆင်းရွှေကြာ ၂ ကို အသုံးပြုရန် တိုက်တွန်းလိုပါကြောင်း၊ တိုင်းဒေသကြီးပြည်နယ်များတွင် ခရိုင်မြို့နယ်များအလိုက် မျိုးစေ့ထုတ်စိုက်ခင်းများ ထူထောင်၍ ဆင်းရွှေကြာ-၂ နေကြာမျိုးကို စံပွင့်များ ရွေးချယ်စိုက်ပျိုးကာ မျိုးစေ့ထုတ်ရန်တိုက်တွန်းလိုပါကြောင်း၊ ဂေဟစနစ် ကောင်း မကောင်းကို သိရှိနိုင်သော အညွှန်းသီးနှံပင်အဖြစ်အသုံးပြုနိုင်ပါကြောင်း နေကြာသီးနှံ ကို ဂေစနစ်ပြန်လည် ကျန်းမာလာစေရေး အထောက်အကူပြုစိုက်ပျိုးရမည့် သီးနှံဖြစ်သည်ကို အားလုံးသိရှိထားရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ ပန်းတိုင်အထွက်ရရှိရေးအတွက် တောင်သူကြီးများ၏ သီးနှံဆိုင်ရာ အသိပညာ၊ ဗဟုသုတများကိုလည်း မြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်နီလာသန်း က ၂၀၂၄-၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုး ထုတ်လုပ်မှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ဒေါက်တာနီနီတင့်က ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြေဆီလွှာအာဟာရဓာတ် စီမံခန့်ခွဲခြင်းဆိုင်ရာများကိုလည်းကောင်း၊ ဒေါက်တာ အောင်ကျော်သူ က ဆီထွက်သီးနှံများ ပန်းတိုင်အထွက်ရရှိရေး ရေစီမံခန့်ခွဲမှု နည်းစနစ်ဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း က ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ယနေ့ ကျင်းပသည့် (၆၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ နေပြည်တော် ကောင်စီနယ်မြေတွင်းမှ စိုက်ပျိုးရေးပညာရှင် (၅၅) ဦးနှင့် တောင်သူ (၄၀) တို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်နှင့် တောင်သူ ၁၂၅ ဦး တို့က Zoom point (၁၀၀) မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်