ရန်ကုန် မတ် ၉

 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် “မြန်မာ့ရုပ်ရှင် ရက်သတ္တပတ်” ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြဝတီမီဒီယာစင်တာ၊ Star Cinema ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးနှင့် မြဝတီမီဒီယာစင်တာမှ တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး တာဝန်ရှိသူများက ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ဦးစွာ အခမ်းအနားမှူးများက “မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်” ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

 

ထို့နောက် တက်ရောက်လာကြသူများသည် မြန်မာ့ရုပ်ရှင်ရက်သတ္တပတ် ကြော်ငြာ Video Clip ကို မြဝတီ မီဒီယာစင်တာ Outdoor LED တွင် ပြသမှုကို ကြည့်ရှုအားပေးကြပြီး ၂ဝ၂၄ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ကားများ ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုများကို ကြည့်ရှုကြသည်။

 

“မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်” အဖြစ် မတ် ၉ ရက်မှ မတ် ၂၉ ရက်အတွင်း နေ့စဉ် မွန်းလွဲ (၁) နာရီနှင့် ညနေ (၄) နာရီ တို့တွင် ၂ဝ၂၄ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ကားများကို မြဝတီမီဒီယာစင်တာရှိ Star Cinema ရုပ်ရှင်ရုံ၌ ပြန်လည်ပြသသွားမည်ဖြစ်ပြီး ဝင်ကြေးအနေဖြင့် ငွေကျပ် ၅၀၀၀ နှင့် ငွေကျပ် ၁၀၀၀၀ နှုန်း သတ်မှတ်ထားသည်။

 

ထိုသို့ ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ကားများ ပြသရာတွင် မတ် ၉ ရက်မှ ၁၁ ရက်အထိ ဘိုးတော် ကင်းဇာတ်ကား၊ မတ် ၁၃ ရက်မှ ၁၅ ရက်အထိ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ဇာတ်ကား၊ မတ် ၁၆ ရက်မှ ၁၈ ရက်နေ့အထိ မီး ဇာတ်ကား၊ မတ်၂၀ ရက်မှ ၂၂ရက်အထိ နှောင်ဇာတ်ကား၊ မတ် ၂၃ ရက်မှ ၂၅ ရက်အထိ အိမ်မက်ကာရန် ဇာတ်ကား၊ မတ် ၂၇ ရက်မှ ၂၉ ရက်အထိ တိမ်ပန်းချီ ဇာတ်ကားတို့ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

သတင်းနှင့် ဓာတ်ပုံ - သီဟ