နေပြည်တော်၊ မတ် - ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့၊ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Grand Autograph ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ရုရှားနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ဒုတိယဝန်ကြီးများ၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ တရာ့ဗနီကော့ဗ်အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ်၊ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံ သံအမတ်ကြီး၊ နိုဗိုစီဗစ်မြို့ အစိုးရအဖွဲ့ဝင်များ၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ နိုဗိုစီဗစ်မြို့တွင် သွားရောက် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော် သီချင်းတို့အား ဖွင့်လှစ်၍ အလေးပြုကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး (၇၇) နှစ်ကြာ ရှိခဲ့ပြီဖြစ်ပြီး ယခုကဲ့သို့ နိုဗိုစီဗစ်မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ သမိုင်းမှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ အာရှတိုက်ဘက်အခြမ်းတွင်ရှိသည့် အဓိကစီးပွားရေး၊ ကုန်သွယ်ရေး၊ သိပ္ပံနည်းပညာ၊ စက်မှုနှင့် ငွေကြေးဆိုင်ရာ ဗဟိုချက်ဖြစ်သည့် နိုဗိုစီဗစ်မြို့သည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်း ပြေးဆွဲလျက်ရှိသည့် တစ်ခုတည်းသော ရုရှားနိုင်ငံမှ မြို့တစ်မြို့ဖြစ်ကြောင်း၊ နိုဗိုစီဗစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအား နိုဗိုစီဗစ်ဒေသတွင် နေထိုင်ကြသည့်ရုရှားနိုင်ငံသားများအတွက် မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပေါင်းကူးရန်၊ နှစ်နိုင်ငံအကြားနားလည်မှု မြှင့်တင်ရန်၊ နိုဗိုစီဗစ် ဒေသဝန်းကျင်ရှိ မြန်မာအသိုင်းအဝိုင်းကို ကူညီစောင့်ရှောက်ပြီး ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုဗိုစီဗစ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ခြင်းအတွက် လွန်စွာဝမ်းမြောက်ပါကြောင်း၊ ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းကြောင့် မိမိတို့မြို့နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းကောင်းများ ဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း၊ မန္တလေးနှင့် နိုဗိုစီဗစ်မြို့အကြား ညီအမမြို့အဖြစ် ထူထောင်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့မှုသည်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှု၏ ပြယုဂ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်အတွက်လည်းဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်၍ ကြွယ်ဝချမ်းသာမှုများရရှိစေရန် ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုဗိုစီဗစ်မြို့တော်ဝန် မစ္စတာ မက်စ်စင်းမ် ဂီရာဂီရာယဗစ်ချ် ကူဒရာ့ဆက်ဗ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ တရာ့ ဗနီကော့ဗ်အန်ဒရေ အလက်ဇန်ဒရိုဘစ်ချ် တို့က ကောင်စစ်ဝန်ချုပ်ရုံးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုဗိုစီဗစ်ဒေသ အကြီးအကဲတို့အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များကို ဂါရဝပြုပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာ-ရုရှား နှစ်နိုင်ငံမှ အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုဗိုစီဗစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ရောက်ရှိရာ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကောင်စစ်ဝန်ချုပ်ရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်းပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် နိုဗိုစီဗစ်မြို့တွင် သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်းသား အရာရှိများအား တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်မြို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်မှု၊ ကုန်သွယ်မှုများ တိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုမှု၊ နိုဗိုစီဗစ်မြို့ရှိ တက္ကသိုလ်များ၌ ပညာတော်သင်များ ပညာသင်ကြားနိုင်ရေးအတွက် ထပ်မံစေလွှတ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိမှုများနှင့် ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား အရာရှိများ၏ လိုအပ်ချက်များကို မေးမြန်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများနှင့် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စစ်ဝန်ချုပ်ရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများနှင့် သင်တန်းသားအရာရှိများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်